Tuesday, January 17, 2023

မြန်မာနိုင်ငံရှိ ဒေသအများအပြားသို့ ခရီးသွားလာခြင်းမပြုကြရန် ဗြိတိန်အစိုးရက အကြံပြုချက် ထုတ်ပြန်

မြန်မာနိုင်ငံရှိ ဒေသအများအပြားသို့ ခရီးသွားလာခြင်း မပြုကြရန် ဗြိတိန်အစိုးရက ဇန်နဝါရီ ၁၆ ရက်တွင် အကြံပြုချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်ကို နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) က ထုတ်ပြန်ခြင်းဖြစ်ပြီး  အကြံပြုချက်တွင် လုံးဝခရီးမသွားသင့်သော ဒေသများအဖြစ် မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးများအပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းလည်း ပါဝင်သည်။

အဆိုပါအကြံပြုချက်တွင် မဖြစ်မနေမှလွဲ၍ ခရီးမသွားသင့်သောဒေသများအဖြစ် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးများအပြင် ရခိုင်ပြည်နယ်အလယ်ပိုင်းတို့ကို ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ လုံခြုံရေးအခြေအနေသည် မှန်းဆ၍မရနိုင်သည့်အပြင် သတိပေးမှုမရှိဘဲ ပြောင်းလဲလွယ်သည့်သဘော ရှိနေသည်ဟု အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတစ်လွှားတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ ပစ်ခတ်မှုများနှင့် ဖောက်ခွဲမှုများအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည်။

တိုက်ခိုက်မှုများသည် ရန်ကုန်နှင့် နေပြည်တော်မြို့များအပါအဝင် အစိုးရအဆောက်အအုံများ၊ စစ်ဆေးရေးဂိတ်များနှင့် တပ်မတော်က ပိုင်ဆိုင်သည့် လုပ်ငန်းများကဲ့သို့သော တပ်မတော်နှင့် ဆိုင်သည့် သို့မဟုတ် တပ်မတော်နှင့် ဆက်နွှယ်နေသည့် နေရာများကို အဓိကပစ်မှတ်ထားပြီး ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။

သို့သော် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ရှော့ပင်းမောများနှင့် ဝန်ဆောင်မှုများ ပေးသည့် အဆောက်အအုံများကဲ့သို့သော နိုင်ငံခြားသားများ ပုံမှန်အားဖြင့် ကြိမ်ဖန်များစွာ သွားရောက်ခဲ့သည့် နေရာများအပါအဝင် ဖြတ်သွားဖြတ်လာ အရပ်သားများကို ထိခိုက်စေနိုင်သည့် နေရာများ၌လည်း ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

၎င်းအပြင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတို့တွင် ရောက်ရှိနေသူများအနေဖြင့်လည်း နိုးကြားစွာ သတိရှိရှိဖြင့် နေကြရန်နှင့် ဒေသခံအကြံဉာဏ်များကို ရယူကြရန်လည်း သတိပေးထားသည်။

ဗြိတိန်က ၎င်းတို့ နိုင်ငံသားများအနေဖြင့် အထူးသဖြင့် မာရှယ်လောထုတ်ပြန်ထားသော မြို့နယ်များသို့ သွားရောက်ခဲ့လျှင် ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များနှင့် တားမြစ်ကန့်သတ်ချက်များကို သေချာစွာသိရှိအောင် ပြုလုပ်သင့်ကြောင်းလည်း ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် မာရှယ်လော ထုတ်ပြန်ထားသော မြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းတို့ ဖြစ်ကြသော်လည်း အပြောင်းအလဲများကိုလည်း သတိပြုကြရန် နှိုးဆော်ထားသည်။

၎င်းတို့ နိုင်ငံသားများအနေဖြင့် ပြင်းထန်သော မငြိမ်မသက်မှုများနှင့် ပဋိပက္ခများဖြစ်ပွားချိန်၌ မြန်မာနိုင်ငံမှ ထွက်ခွာရေးအတွက် FCDO က အကူအညီပေးနိုင်သည်ဟု မှတ်ယူမထားရန်လည်း သတိပေးထားသည်။

၎င်းတို့ နိုင်ငံသားများအနေဖြင့် ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းခံရပါက ဗြိတိန်သံရုံးသို့ ချက်ချင်း အကြောင်းကြားပေးရန် သက်ဆိုင်ရာရဲတပ်ဖွဲ့ သို့မဟုတ် အကျဉ်းထောင်အရာရှိများအား တောင်းဆိုကြရန်လည်း အကြံပြုထားသည်။

ဗြိတိန်နိုင်ငံ၏ ပင်လယ်ရပ်ခြားလုပ်ငန်းအန္တရာယ်ဆိုင်ရာ ဝန်ဆောင်မှုရုံးကလည်း နိုင်ငံရေး၊ စီးပွားရေးနှင့် လုပ်ငန်းဆိုင်ရာ လုံခြုံရေးအန္တရာယ်များအား မည်သို့မည်ပုံ စီမံခန့်ခွဲရမည်ကို နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသည့် ဗြိတိန်ကုမ္ပဏီများအတွက် အကြံပေးအချက်အလက်များ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့များ အပါအဝင် အထင်ကရ‌နေ့များတွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ရှန်ဂရီလာ (Shangri-La)၊ Lotte ဟိုတယ်ကြီးများ၊ တပ်မတော်နှင့်ဆက်စပ်သည့် စားသောက်ဆိုင်၊ ဘားစသည့် လူစည်ကားရာနေရာများသို့ မသွားကြရန် အမေရိကန်နှင့် ‌‌ဗြိတိန်သံရုံးများက  သတိပေးချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်များအရ အထင်ကရနေ့များတွင် လူစည်ကားရာ နေရာများအပါအဝင် ရန်ကုန်နှင့် နေပြည်တော်ရှိ ဟိုတယ်ကြီးများနှင့် အနီးတစ်ဝိုက်များမှာ တိုက်ခိုက်မှုနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားနိုင်ခြင်းကြောင့် ယင်းသံရုံးနှစ်ခုက သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) ကို ထောက်ပံ့ရန်ပါဝင်သည့် Burma Act ပါ အမေရိကန်ကာကွယ်ရေးဌာန၏ ဧရာမကာကွယ်ရေးအသုံးစရိတ် ဥပဒေမူကြမ်းဖြစ်သော အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂၃ ရက်တွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးအတည်ပြုပြီးနောက် သုံးရက်ခန့်အကြာတွင် ယင်းသံရုံးနှစ်ရုံးက သတိပေးချက်များ ထုတ်ပြန်လာခြင်းဖြစ်သည်။

ယင်းသို့ NDAA တွင်ပါဝင်သည့် Burma Act အရ အမေရိကန်အစိုးရအသုံးစရိတ်ထဲမှ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများအတွက် တစ်နှစ်လျှင် ဒေါ်လာသန်း ၅၀ နှင့် ငါးနှစ်စာချထားပေးရန်လည်း‌ကောင်း၊ ၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း၂၂၀ ပေးရန်လည်းကောင်း ပါဝင်ပြီး မြန်မာနိုင်ငံအတွက် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ  အကူအညီများရရှိမည်ဖြစ်သည်။

ယင်းဥပဒေအရ NUG၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) အပါအဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများကို နည်းပညာနှင့် လူကို သေစေနိုင်ခြင်းမရှိသောအရာများ ထောက်ပံ့ကူညီပေးရန် ကိစ္စရပ်များ ပါရှိသည်။                           

Ref: gov.uk

Eleven

0 comments:

Post a Comment