Thursday, January 26, 2023

မစ္စတာ ရှောင်တာနယ်အား တရားရင်ဆိုင်ရန် ဆင့်ခေါ်မှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း သြစတြေးလျအစိုးရပြော

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခ မစ္စတာ ရှောင်တာနယ်အား လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ရုတ်သိမ်းပြီး တရားရင်ဆိုင်ရန် ဆင့်ခေါ်ခံရမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ ရှောင်တာနယ်အား အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီး ၄ဦးနဲ့အတူ ပူးတွဲတရားစွဲဆိုခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ကာ ၂၀၂၂ခုနှစ် နိုဝင်ဘာလပိုင်းအတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

ယခုကဲ့သို့ မစ္စတာရှောင်တာနယ်အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုခဲ့တဲ့ ဖြစ်စဉ်အား ဘယ်တုန်းကမှ လက်သင့်မခံကြောင်းနဲ့ ပြန်လွှတ်ပြီးတော့ မခိုင်လုံတဲ့အကြောင်းပြချက်နဲ့ ဆင့်ခေါ်မှုအပေါ် အလွန်စိတ်ပျက်ကြောင်း သြစတြေးလျအစိုးရက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့တဲ့ ပါမောက္ခ မစ္စတာ ရှောင်တာနယ်ကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သတင်းမှားများ ဖြန့်ဝေမှုနဲ့ အင်တာဗျူးဖြေဆိုမှုတွေကြောင့် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်လည်ရုတ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ပြင် မစ္စတာ ရှောင်တာနယ်အား တရားရုံးရှေ့ လာရောက်ရင်ဆိုင်ဖို့ အမိန့်ထုတ်ခဲ့တာနဲ့စပ်လျဉ်းပြီး အလွန်အမင်းစိုးရိမ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံရုံးရဲ့ ယာယီတာဝန်ခံထံ ပြီးခဲ့တဲ့လပိုင်းမှာ အသိပေးပြောဆိုခဲ့တယ်လို့ သြစတြေးလျအခြေစိုက် ABC သတင်းက ဖော်ပြထားပါတယ်။ 


MyanmaPlatfrom

0 comments:

Post a Comment