Thursday, January 26, 2023

ဂျပန်ကုမ္ပဏီ ယိုကိုဂါဝါက စစ်တပ်ပိုင် MEC ထံ ဒေါ်လာ ၁.၃ သန်းကျော် လွှဲပြောင်းပေးခဲ့

ဂျပန်နိုင်ငံအခြေစိုက် ယိုကိုဂါဝါ တံတားတည်ဆောက်ရေးကော်ပိုရေးရှင်း (Yokogawa Bridge Corp.) မှ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံ အမေရိကန်ဒေါ်လာ ၁.၃ သန်း လွှဲပြောင်းပေးခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ကထုတ်ပြန်သည်။
၂၀၂၂ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအတွင်း၌ စစ်ကောင်စီတပ်ထိန်းချုပ်မှုအောက်ရှိ အဓိကဦးပိုင် ကုမ္ပဏီနှစ်ခုအနက် တစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံသို့ ငွေပေးချေခဲ့ခြင်း ဖြစ်သည်။
ယိုကိုဂါဝါအနေဖြင့် ဂျပန်အစိုးရဖွံ့ဖြိုးမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပဲခူးမြစ်ကူး တံတား (သန်လျင်) စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁.၃ သန်းကို ဂျပန် Mizuho Bank မှတစ်ဆင့် မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်ရှိ MEC ငွေစာရင်းထံ လွှဲပြောင်းပေးခဲ့ကြောင်း ဆိုသည်။
သီလဝါအထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့ကိုဆက်သွယ်ပေးမည့် တံတားစီမံကိန်းအတွက် ဂျပန်အစိုးရဘက်မှ ဖွံ့ဖြိုးရေးချေးငွေအဖြစ် ယန်း ၃၁ ဘီလီယံ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ပဲခူးမြစ်ကူးတံတား စီမံကိန်းအတွက် ဂျပန်နှင့် မြန်မာနိုင်ငံတို့အကြား ချေးငွေသဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ်၊ မတ် ၁ ရက်နေ့တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ပုံစာ- ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်း ၏ ပန္နက်တော်တင် အခမ်းအနား
မဇ္ဈိမ

0 comments:

Post a Comment