Tuesday, January 17, 2023

အိုးဘိုထောင်တွင်းက နိုင်ငံရေးအကျဥ်းသားတချို့ တိုက်ပိတ်ခံထားရ

နိုင်ငံရေးအကျဥ်းသားအများစုရှိတဲ့ မန္တလေးအိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတချို့ကို တိုက်ပိတ်ပြစ်ဒဏ်တွေပေးထားတယ်လို့ တိုက်ပိတ်ခံရတဲ့အကြောင်းအရာကိုသိရှိထားတဲ့ ထောင်နဲ့ နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။
မန္တလေး အိုးဘိုထောင်တွင်းက အဆောင် ၅ မှာ ဇန်နဝါရီလ ၁၇ ရက် မနက်အစောပိုင်းက ရှောင်တခင် ဝင်စစ်ရင်း နိုင်ငံရေးအကျဥ်းသားတယောက်က ထောင်ဝတ်စုံအစား ရာသီဥတုအေးလို့ ဘောင်းဘီဝတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဥ်းသားတချို့ကို အာဏာပိုင်တွေက ရိုက်နှက်ဖမ်းဆီးပြီး တိုက်ပိတ်လိုက်တယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ဘောင်းဘီရှည်ဝတ်ထားတဲ့ နိုင်ငံရေးအကျဥ်းသားတယောက်အပါအဝင် စုစုပေါင်း ၁၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လူမြင်ကွင်းမှာ ဘောင်းဘီချွတ်ကာ ရိုက်နှက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက ၄ ယောက်ကတော့ နေ့ချင်း ပြန်လွတ်လာခဲ့ပြီး ကျန် ၇ ယောက်ကတော့ ဇန်နဝါရီလ ၁၇ရက်နေ့ ညပိုင်းအချိန်ထိ တိုက်ပိတ်ခံထားရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရိုက်နှက်ခံထားရတာကြောင့် ဒဏ်ရာတွေရရှိထားပေမယ့် ဘယ်သူမှ ဆေးကုသမှု မရကြသေးပါဘူး။ ထောင်တွင်း အဆောင်ကို ပြန်ရောက်လာသူ ၄ ဦးလည်း ခေါင်းနဲ့ နဖူးမှာ ဒဏ်ရာရတာ၊ ခါးဆစ်ရိုးတွေ အရိုက်ခံထားရတာနဲ့ ဒူးတွေ ပြဲနေတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်ထိ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ညှဥ်းပန်းနှိပ်စက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ထောက်ပြပြောဆိုထားပါတယ်။

BBC

0 comments:

Post a Comment