Friday, January 27, 2023

ဆိုင်ကယ်တွေ ချစ်လို့ကို ဝယ်စုထားတာ လေးစီးလောက်တော့ရှိပြီဆိုတဲ့ လီလီကျော်ခိုင်

သရုပ်ဆောင် လီလီကျော်ခိုင်ကတော့ သရုပ်ဆောင်ပိုင်းအပြင် ဆိုင်ကယ်စီးရတာ လွတ်လပ်မှုပျော်ရွှင်မှုရှိလို့ ဆိုင်ကယ်တွေ ချစ်လို့ကို ဝယ်စုထားတာ လေးစီးလောက်ရှိပြီလို့ ဆိုပါတယ်။
လီလီ ဆိုင်ကယ် သေသေချာချာစီးဖြစ်တာက ကိုဗစ် ပထမ စဖြစ်တဲ့အချိန်လောက်ကပါ။ လီလီတို့အိမ်ထဲမှာ တစ်လခွဲကျော်ကျော် နေဖြစ်ခဲ့တယ်။ လီလီ အဲနောက်ပိုင်းမှာ ဆိုင်ကယ်စီးဖို့ စဖြစ်လာတယ်။ ဆိုင်ကယ်တွေ ဝယ်တယ် စီးဖြစ်တယ်။ ဆိုင်ကယ်စီးနေရတဲ့အချိန်မှာ လွတ်လပ်မှုတွေ ပျော်ရွှင်မှုကို ပိုတွေ့ရတယ်။ လီလီအလုပ်အားရင် ဆိုင်ကယ်တွေ ပိုစီးဖြစ်လာတယ်။ ကိုယ်လက်ထဲရောက်လာတဲ့ပစ္စည်းလေး ပြန်ရောင်းထုတ်ရမှာ မကြိုက်ဘူး။ ပရိသတ်သိတာကတော့ သုံးစီးရှိတာသိနေတယ်။ ခုဆိုရင် လီလီက ဆိုင်ကယ်တွေ ချစ်လို့ကို ဝယ်စုထားတာ လေးစီးလောက်တော့ ရှိပြီ။ ထပ်ပြီး နောက်တစ်စီးဝယ်မလို့ အမေကအိမ်ကဆင်းရမယ်ပြောနေတယ်”လို့ သရုပ်ဆောင် လီလီကျော်ခိုင်က ပြောပါတယ်။
သူမကတော့ လက်ရှိဆိုင်ကယ်တွေအပြင် ၂၀၂၂ ခုနှစ်ထဲမှာတင် ဆိုင်ကယ်နှစ်စီးဝယ်ခဲ့ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ်မှာ ဆိုင်ကယ် တစ်စီးထပ်ဝယ်ဖို့ စဉ်းစားထားပါတယ်။ ဆိုင်ကယ်တစ်စီးကို ကျပ်သိန်း ၁၀၀ ကျော်ကနေ သိန်း ၃၀၀ ကျော်အထိအစားစား ဝယ်စုရတာ ကြိုက်နှစ်သက်သူလို့လည်း သိရပါတယ်။ ဆိုင်ကယ်နဲ့ မြောက်ဦးကနေ ငပလီအထိ ရှစ်ရက်ကြာ ကိုယ်တိုင်မောင်းပြီး ခရီးသွားတတ်သူလည်း ဖြစ်ပါတယ်။
“လီလီ ဆိုင်ကယ်တွေက ဈေးနှုန်းတစ်ခုနဲ့ တစ်ခု မတူပေမယ့် ဆိုင်ကယ်တစ်စီးနဲ့တစ်စီး စီးရတာမတူတဲ့ ပုံစံတွေရှိတယ်။ ဘီးတစ်ဘီးနဲ့ တစ်ဘီး မတူဘူးပေါ့။ ဘီးတွေ ဝယ်တာကတကယ်တော့ လီလီမှာ ပိုက်ဆံတွေရှိနေလို့တော့ မဟုတ်ပါဘူး။ အဓိကတော့ လီလီက ကားလေး လဲချင်နေတာပါ။ ၂၀၁၈ ခုနှစ်ထဲကစီးတဲ့ကားလေးကို မလဲဖြစ်ပဲ ဆိုင်ကယ်ထဲငွေတွေဝင်သွားတယ်ပေါ့”လို့ သူမကတော့ ဆက်ပြောပါတယ်။
သရုပ်ဆောင် လီလီကျော်ခိုင်ကတော့ သရုပ်ဆောင်ပိုင်းအပြင် ကိုယ်ပိုင် Louvre Brand Hoodie အင်္ကျီကို ထုတ်လုပ်ထားတဲ့သူလည်း ဖြစ်ပါတယ်။







0 comments:

Post a Comment