Tuesday, January 17, 2023

စစ်တွေမြို့နယ်တွင် ၄ လောင်းပြိုင် လူသတ်မှုဖြစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊  အောင်တိုင်ကျေးရွာအုပ်စု၊ ပလ္လင်ပြင်ကျေးရွာမှာ ဇန်နဝါရီ ၁၇ ရက် မနက် ၈ နာရီလောက်က  မိသားစု အမွေကိစ္စ စကားအချေအတင်စကားများကြရာကနေ  ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်းဒေးရှင်း တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

အသတ်ခံရလို့ သေဆုံးသွားသူတွေကတော့ အသက်(၆၅)နှစ်အရွယ် ဦးဘော်ဒီရာမန်၊ အသက်(၅၅) နှစ်အရွယ် ဖာတေဟခါမောက်၊ အသက်(၃၅) နှစ်အရွယ် ဘော်စီရာမောက်နဲ့ အသက် (၃၇) နှစ်အရွယ် အာလီမာခါတူ တို့ဖြစ်ကြပါတယ်။

ရွှေရောင်မေတ္တာဖောင်းဒေးရှင်းက ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက“အခင်းဖြစ်တာကတော့ ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ မိသားစု အမွေကိစ္စကြောင့် စကားများကြတာကနေ လူသတ်မှုဖြစ်ကြတာလို့ သိရတယ်။ လူကတော့ ၄ ယောက်အသတ်ခံလိုက်ရတယ်။ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးဖြစ်တယ်။ အခု အသတ်ခံလိုက်ရသူရဲ့ ညီဖြစ်သူအပါဝင် လူ ၆ ဦးက သတ်သွားတာလို့သိရတယ်။ သူတို့ရဲ့ ရုပ်အလောင်းကိုတော့ စစ်တွေမြို့ ပြည်သူဆေးရုံးကြီး ရင်ခွဲရုံကို ပို့ဆောင်ထားတယ်။”လို့ပြောပါတယ်။

အခုအသတ်ခံလိုက်ရတဲ့ လူလေးဦးဟာ အမွေကိစ္စကြောင့် အမှုရင်ဆိုင်နေကြရတာ နှစ်နဲ့ချီပြီး ကြာမြင့်နေကြပြီးဖြစ်တယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး လက်ရှိမှာ လူသတ်တရားခံဖြစ်နိုင်ခြေရှိသူတွေကို ပလ္လင်ပြင်(မူဆလင်)ကျေးရွာမှာ စစ်ဆေးနေပါတယ်။

ပလ္လင်ပြင်ကျေးရွာသားတစ်ဦးကလည်း "သူတို့က တရွာတည်းသားတွေပါ။ ဒီနေ့မနက်ပိုင်းမှာ ပင်လယ်ကမ်းစပ်မှာ ၄ ဦးလုံး အသတ်ခံခဲ့ကြရတာ။ ဘာကြောင့် ၄ ဦးလုံးကို အခုလို တနေရာတည်းမှာ သတ်ခဲ့ကြတာလဲ မပြောတတ်ဘူး"လို့ ပြောပါတယ်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတာဝန်ရှိသူတဦးက “အဲဒီရွာက လူသတ်မှု ဖြစ်တယ်လို့ ကျနော်တို့အဖွဲ့ကို ဖုန်းဆက်လာတယ်။ ကျနော်တို့ ချက်ချင်း လိုက်သွားကြတယ်။ ဒါပေမဲ့ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ ၄ ဦးလုံးအသတ်မရှိတော့ဘူး”လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက် မနက် ၁၀ နာရီလောက်ကလည်း စစ်တွေမြို့နယ် ချောင်းနွယ်မင်းဂံချောင်းမှာ အမည်မသိ  ဘုန်းကြီး တပါးရဲ့ ရုပ်အလောင်းတွေလို့ စစ်တွေပြည်သူ့ဆေးရုံသို့ပို့ဆောင်ထား လူမူကူညီရေးအဖွဲ့ထံက သိရပါတယ်။


DVB

0 comments:

Post a Comment