Friday, October 2, 2015

အမ်းမရိတ်စ်က နည်းဗျူဟာ အားပြိုင်ပွဲ


အောက်တိုဘာ ၄ ရက် ညပိုင်းမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာအကြီးဆုံး ပြိုင်ဘက် နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပရိသတ်အများဆုံးအားပေးတဲ့ အသင်းတွေလည်း ဖြစ်တာကြောင့် ဒီပွဲစဉ်အပေါ် စိတ်ဝင်စားမှု ဒီရေကလည်း မြင့်တက်နေမှာပါ။ လောလောဆယ်မှာတော့ အိမ်ရှင်အဖြစ် လက်ခံကစားမယ့် အာဆင်နယ်က အမှတ်ပေးဇယားအဆင့်(၄)နေရာကို ရောက်နေပြီး ယူနိုက်တက်ကတော့ ဇယားထိပ်က ဦးဆောင်နေပါတယ်။နောက်ခံအခြေအနေတွေကို ကြည့်ရင် ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် နိုင်ပွဲရဖို့ မဖြစ်မနေ လိုအပ်တဲ့ ဖိအားတွေရှိနေပါတယ်။ အာဆင်နယ်ဟာ ကြားရက် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အိုလံပီယာကော့စ်ကို အိမ်ကွင်းမှာ အရေးနိမ့်ထားခဲ့တာကြောင့် ပရိသတ်တွေရဲ့ အမျက်ဒေါသကို ဖြေဖျောက်ဖို့ ဒီပွဲမှာမဖြစ်မနေ ရလဒ်ကောင်းဖို့ ရုန်းကန်ပါလိမ့်မယ်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်အတွက်တော့ အခုရာသီ ပရီးမီးယားလိဂ်မှာ အဓိကပြိုင်ဘက်တစ်သင်းနဲ့ ပထမဆုံးဆုံတွေ့လာတာ ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ အဲဗာတန်၊ မန်ချက်စတာ စီးတီးတို့လို ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ဆက်တိုက်ကစားရမှာ ဖြစ်တဲ့အတွက် အာစင်ဝင်းဂါးရဲ့ အသင်းဆီက အမှတ်ပြည့်ရထားဖို့က ယူနိုက်တက်အတွက် အရေးပါတဲ့ တောင်းဆိုမှုတစ်ရပ်ပါပဲ။

ဒီနှစ်သင်းစလုံးမှာ ကစားသမားတချို့ ထူးထူးကဲကဲ ခြေစွမ်းပြနေသလို အားသာချက်အသီးသီးရှိနေကြပါတယ်။ ယူနိုက်တက်လောလောဆယ်ပိုတည်ငြိမ်ပေမယ့် အာဆင်နယ်က အိမ်ကွင်းမှာ ကစားရမှာပါ။ စိတ်ဝင်စားဖို့ ကောင်းတာက မနှစ်က ရာသီမှာ ဒီနှစ်သင်းသုံးပွဲတွေ့ဆုံပြီး တစ်ပွဲစီနိုင်၊ တစ်ပွဲသရေကျထားတာကြောင့် ဝင်းဂါးနဲ့ ဗန်ဂါးလ် အားပြိုင်မှုဟာ ရလဒ်ညီမျှနေတာပါ။ ပရီးမီးယားလိဂ်ရဲ့ သက်တမ်းအရှည်ဆုံး မန်နေဂျာနဲ့ ဥရောပတစ်လွှားမှာ အောင်မြင်မှုတွေ ဆွတ်ခူးပိုင်ဆိုင်ခဲ့တဲ့ မန်နေဂျာတို့ကြား စတုတ္ထအကြိမ်မြောက်တွေ့ဆုံမှုမှာ ဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာမလဲဆိုတာက ရင်ခုန်စရာပါပဲ။


ကြားရက်မှာ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားထားတဲ့အတွက် နှစ်သင်းလုံးပွဲပန်းနေမှာ သေချာပါတယ်။ ဒါပေမဲ့ အင်္ဂလန်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဘောလုံးတိုက်ပွဲတစ်ခုအတွက် မန်နေဂျာ နှစ်ယောက်စလုံးအစွမ်းကုန် ပြင်ဆင်ထားကြမယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။ ဒီပွဲစဉ်အတွက် ဝင်းဂါးနဲ့ ဗန်ဂါးလ်တို့ ဘယ်လိုပုံစံနဲ့ ခင်းကျင်းပြင်ဆင်လာမလဲဆိုတာကို နည်းဗျူဟာ ရှုထောင့်ကနေ ကြိုတွေးပြီး ဆန်းစစ်ကြည့်ချင်ပါတယ်။


တိုက်စစ်အားပြုမယ့် အိမ်ရှင်

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဝင်းဂါးဟာ အာဆင်နယ်ကို တိုက်စစ်အားပြု အသင်းတစ်သင်းအနေနဲ့ ရုပ်လုံးပေါ်လာအောင် အချိန်ယူ တည်ဆောက်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ပင်ကိုစရိုက်လက္ခဏာကိုက တိုက်စစ်ကို အမြန်ကစားတဲ့ ပုံစံ ဖြစ်လာပြီး ဒီပွဲမှာလည်း အိမ်ကွင်းအားသာချက်ကို အသုံးချပြီး ယူနိုက်တက်ကို တိုက်စစ်ဆင်ဦးမှာပါ။ ဝင်းဂါးဟာ အဓိကတိုက်စစ်မှူး အိုလီဗီရာဂီရော့ဒ်ကို အရန်ခုံပို့ပြီး မြန်နှုန်းပိုကောင်းတဲ့ တောင်ပံလူ သီအိုဝဲလ်ကော့ကို တိုက်စစ်မှာ အလက်ဆစ်ဆန်းချက်ဇ်နဲ့ တွဲပေးတဲ့ အခင်းအကျင်းကို အသုံးပြုနေပါတယ်။ ကွင်းလယ်မှာ မီဆွတ်အိုဇေးလ်၊ ဆန်တီကာဇိုလာ၊ အေရွန်ရမ်ဆေးတို့လို တိုက်စစ်အားသန် ကစားသမားတွေကို ဝင်းဂါးက ခင်းကျင်းလာဖို့ရှိနေပြီး အဖျက်ကစားတဲ့ ဖရန်ဆစ် ကိုကွီလင်နဲ့ တွဲဖက်ပေးမယ်လို့ ယူဆရပါတယ်။

အာဆင်နယ်ဟာ အလယ်မှာ အုပ်စုဖွဲ့အပေးအယူလုပ်ပြီး မြန်နှုန်းမြင့်တောင်ပံကစားသမားတွေဆီ ဘောလုံးလမ်းကြောင်းရှာ ဖြန့်ဝေပေးတဲ့ ပုံစံကို အားပြုကစားလေ့ ရှိပါတယ်။ ဒါပေမဲ့ တိုက်စစ် အားပြုလွန်းတဲ့အခါ အာဆင်နယ်ရဲ့ အလယ်တန်းဟာ ပြဿနာတစ်ခု ကြုံလာတတ်ပါတယ်။ အဲဒါကတော့ ခေတ်သစ်ဘောလုံးလောကမှာ အင်မတန်အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်လာတဲ့ ကွင်းလယ်ခံစစ်နေရာကို ဝင်းဂါးက မျက်ကွယ်ပြုထားတာပါပဲ။ ကိုကွီလင်ဟာ မနှစ်ကလောက် ခြေစွမ်းမပြနိုင်ပေမယ့် အမှားနည်းအောင်တော့ ကစားနေနိုင်ပါတယ်။ ဒါပေမဲ့ သူသာခြေမပေါ်ရင် ဘယ်သူ့ကို သုံးမလဲဆိုတာ ဝင်းဂါးမှာ အဖြေမရှိပါဘူး။ အာဆင်နယ်ခံစစ်မှာ လောရင့်ကိုစီရယ်လ်နီဒဏ်ရာကြောင့် မပါဝင်နိုင်တာကလည်း ယူနိုက်တက် တိုက်စစ်ကို ထိန်းရာမှာ အန္တရာယ်ကြီးနိုင်ပြီး ကိုကွီလင်အတွက် ဝန်ပိုလာမယ့် သဘော ရှိနေပါတယ်။

သေချာတာကတော့ ဒီပွဲမှာ အာဆင်နယ်ရဲ့ တိုက်စစ်တွဲလုံးဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ ဝဲလ်ကော့တို့ဟာ ယူနိုက်တက်ခံစစ်ကို ကောင်းကောင်း ဖိအားပေးနိုင်ဦးမှာပါပဲ။ ဒါပေမဲ့ နည်းစနစ်ပိုင်း ကျေညက်တဲ့ တစ်ဖက်ကွင်းလယ်က လျင်လျင်မြန်မြန်တန်ပြန်တိုက်စစ်ဆင်လာတာမျိုးကို အာဆင်နယ် အလယ်တန်းက မဟာဗျူဟာကျကျ ဟန့်တားနိုင်ပါ့မလားဆိုတာကတော့ သံသယရှိစရာပါ။ ဝင်းဂါးအနေနဲ့ ပရိသတ်အကြိုက်ဖျော်ဖြေမှုပေးစွမ်းရင်း ဂိုးတွေသွင်းယူပြီး ယူနိုက်တက်ကို အနိုင်ယူဖို့ အားသန်နေမှာ သေချာပါတယ်။ ဒါပေမဲ့ ဘောလုံးပွဲတစ်ပွဲရဲ့ အရှုံးအနိုင်ဟာ ဂိုးသွင်းယူခြင်းအပြင် ဂိုးမပေးရခြင်းဆိုတဲ့ ကဏ္ဍမှာလည်း မူတည်နေတယ်ဆိုတာကို ပြင်သစ်သားကြီး မမေ့ဖို့လိုပါတယ်။

နည်းစနစ် ပိုကောင်းတဲ့ ယူနိုက်တက်

အနိမ့်အမြင့် အတက်အကျ အမျိုးမျိုးဖြတ်သန်းခဲ့ရတဲ့ ဘောလုံးရာသီတစ်ခုအပြီးမှာတော့ ဗန်ဂါးလ်ဟာ သူလိုချင်တဲ့ ဟန်ချက်ပိုမျှတတဲ့ အသင်းကို ပိုင်ဆိုင်လာပါပြီ။

၎-၂-၃-၁ ကစားကွက်မှာ ဗဟိုအလယ်တန်းလူနှစ်ယောက်နေရာအတွက် မော်ဂန်ရှနိုက်ဒါလင်၊ မိုက်ကယ်ကာရစ်နဲ့ ဘက်စတီယန်ရှဝိန်းစတိုင်ဂါတို့ သုံးယောက်ကိုအလှည့်ကျသုံးစွဲခွင့်ရနေခြင်းဟာ ဗန်ဂါးလ်ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်တစ်ရပ်ဖြစ်ပါတယ်။ ငယ်ဂုဏ်ရှိပြီး ခံစစ်ကိုကူညီရာမှာ ထူးချွန်တဲ့ ရှနိုက်ဒါလင်ဟာ ဒီပွဲမှာအာဆင်နယ်ရဲ့ ကွင်းလယ်တိုက်စစ်ကို အဓိက ဖြတ်တောက်ရမယ့် ဗန်ဂါးလ်ရဲ့ ဝှက်ဖဲဖြစ်လာနိုင်ပြီး ဝါရင့်တွေဖြစ်တဲ့ ရှဝိန်းစတိုင်ဂါနဲ့ ကာရစ်တို့ကို တစ်လှည့်စီထုတ်သုံးသွားဖွယ်ရှိနေပါတယ်။

ဒီရာသီဗန်ဂါးလ်ရဲ့ နည်းစနစ် အခင်းအကျင်းဟာ တော်တော်လေး မာယာများလာပါတယ်။ ဒါလေဘလိုင်းကို သူနဲ့ မရင်းနှီးတဲ့ ဗဟိုနောက်ခံလူနေရာမှာ အသုံးပြုနေတာကြောင့် ဝေဖန်မှုတွေကြုံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ယူနိုက်တက်ရဲ့ တိုက်စစ်တည်ဆောက်မှု ဗျူဟာတစ်ရပ်လုံးဟာ ဘလိုင်းဆီက စတင် မြစ်ဖျားခံတယ်ဆိုတာ တဖြည်းဖြည်းပေါ်လွင်လာပါတယ်။ ဗန်ဂါးလ်အရမ်းအားကိုးတဲ့ လုခ်ရှော ဒဏ်ရာရသွားပေမယ့် ယူနိုက်တက်ရဲ့ တိုက်စစ်ဟာ အခုထိလည်း ဘယ်တောင်ပံကို အားပြုနေဆဲပါ။ ပြိုင်ဘက်တွေကလည်း ယူနိုက်တက်ရဲ့ ဘယ်ခြမ်းကို အားပြုပြီး ထိန်းရလေ့ရှိတာကြောင့် ညာခြမ်းက အန်တိုနီယိုဗလန်စီယာနဲ့ ဟွမ်မာတာတို့က နေရာလွတ်တွေဖန်တီးပြီး အငိုက်ဖမ်းဂိုးတွေ ရယူလာနိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဗလန်စီယာရဲ့ ဘောလုံးဖြန့်ဝေပုံအားနည်းချက်တွေကြောင့် အခွင့်အရေးဖန်တီးမှု အပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။

အာဆင်နယ်ဘက်က ညာနောက်ခံလူ ဟက်တာဘယ်လာရင်ဟာ ပေါက်ကွဲအားကောင်းကောင်းနဲ့ တိုက်စစ်ကို လိုက်ပါလေ့ရှိပေမယ့် အခုပွဲမှာ အဲဒီပုံစံကိုမပြင်ရင် ယူနိုက်တက်ရဲ့ အားသန်တဲ့ ဘယ်ခြမ်းကို အခွင့်အရေး ပေးသလို ဖြစ်သွားနိုင်ပါတယ်။ ဗန်ဂါးလ်ရဲ့ အသင်းဟာ မနှစ်ကထက် ဟန်ချက်ပိုင်းမှာ အများကြီး ပိုကောင်းလာတာ အမှန်ပါ။ အာဆင်နယ်ထက်လည်း နည်းစနစ်ပိုင်း ပိုကောင်းတာကို ငြင်းလို့ မရပါဘူး။ ဒါပေမဲ့ နေရာမှန်မဟုတ်ဘဲ ကစားနေတဲ့ ဘလိုင်းနဲ့ ဗလန်စီယာတို့ရဲ့ အားနည်းချက်တွေကြောင့် တစ်ခါတလေမှာ မဖြစ်သင့်တဲ့ ပေးဂိုးတွေ ခွင့်ပြုနေရတာကိုတော့ သတိပြုသင့်ပါတယ်။

အားသာမှု ကိုယ်စီနဲ့ ပြိုင်ပွဲ

အိမ်ကွင်းမှာ အာဆင်နယ်က တိုက်စစ်ကို တင်ကစားပြီး ပွဲအစကတည်းက ဂိုးသွင်းယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ ယူနိုက်တက်ကတော့ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်ဖို့ ပိုဦးတည်ပြီး အာဆင်နယ်ရဲ့ ကစားအားကို တဖြည်းဖြည်းခြွေထုတ်ဖို့ ပိုပြီး အာရုံကျနိုင်ပါတယ်။ အဝေးကွင်းမှာဖြစ်တာကြောင့် ဗန်ဂါးလ်ရဲ့ အသင်းဟာ ခံစစ်ကို ပိုဂရုစိုက်ပြီး အန်ထော်နီမာရှယ်နဲ့ မမ်းဖစ်ဒီပိုင်းတို့လို မြန်နှုန်းမြင့်လူငယ် တိုက်စစ်သမားတွေကို တန်ပြန်တိုက်စစ်အတွက် ချောင်းကစားခိုင်းစေဖွယ်ရှိပါတယ်။ အာဆင်နယ်ခံစစ်မှာ ကိုစီရယ်လ်နီ မကစားနိုင်တာကြောင့် မြန်နှုန်းအားနည်းချက်ရှိနေတဲ့ ပါးမာတီဆက်ကာက ဦးဆောင်ရမှာဖြစ်ပြီး ဒါကို ယူနိုက်တက်က အမြတ်ထုတ်နိုင်မလား စဉ်းစားစရာပါ။

အာဆင်နယ်နဲ့ ပတ်သက်ပြီး ပြောစရာရှိတာ တစ်ချက်ကတစ်သမတ်တည်း ကစားလေ့ရှိတာပါပဲ။ ကစားသမားတွေရဲ့ အားထုတ်မှုအပိုင်းမှာ ဘာအားနည်းချက်မှ မရှိပေမယ့် ဝင်းဂါးက အသင်းကို အားအသန်ဆုံးပုံစံအတိုင်း ကစားစေခြင်းဟာ ထိပ်တန်းပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရာမှာ ပြဿနာတစ်ခုလို ဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် ပြိုင်ဘက်ရဲ့ အားနည်းချက်ကို အသုံးချပြီး ပွဲကိုချဉ်းကပ်တဲ့ အပြောင်းအလဲမျိုး အာဆင်နယ်မှာ မရှိသလောက်ပါပဲ။ ဒါကို ချယ်လ်ဆီးနဲ့ ပွဲတုန်းကလည်း မြင်သာစေခဲ့ပြီး ဖြစ်ပါတယ်။ တကယ်လို့ အခုပွဲမှာလည်း ဗန်ဂါးလ်ရဲ့ ဘယ်ခြမ်းတိုက်စစ် ဗျူဟာနဲ့ ကွင်းလယ်က ဘောလုံးကိုင်နိုင်တဲ့ ကစားသမားတွေကို ဘယ်လို ပိတ်ဆို့မယ်ဆိုတာ ကြိုတွေးမထားရင် ယူနိုက်တက်အကြိုက်တွေ့သွားနိုင်ပါတယ်။

အဘက်ဘက်က ကြည့်ရင်တော့ အာဆင်နယ်က ရှုံးပွဲကြုံထားတဲ့အတွက် ကျားနာတစ်ကောင်လို အစွမ်းကုန်အားထည့်ကစားမှာ ဖြစ်ပေမယ့် ယူနိုက်တက်ကတော့ ပထမပိုင်းမှာ ခံစစ်နဲ့ ထိန်းထားပြီး ဒုတိယပိုင်းမှတင်ကစားလာမယ်လို့ ယေဘုယျယူဆနိုင်ပါတယ်။ ဝင်းဂါးဟာ အာဆင်နယ် ပရိသတ်တွေ လိုလားတဲ့ ဆာလောင်တက်ကြွမှုမျိုးကို လက်တွေ့ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဗန်ဂါးလ်ရဲ့ အသင်းကတော့ လက်တွေ့ကျတဲ့ နည်းဗျူဟာဖော်ဆောင်မှုအပိုင်းမှာ ပိုအားကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လူငယ်ကစားသမားတွေ များပြားတဲ့ အာဆင်နယ်ရဲ့ ထိုးစစ်ကို ကာရစ်နဲ့ ရှဝိန်းစတိုင်ဂါတို့လို အသက်အရွယ်ရနေပြီဖြစ်တဲ့ ကွင်းလယ် ထောက်တိုင်တွေနဲ့ အချိန်ပြည့် ထိန်းချုပ်နိုင်ပါ့မလားဆိုတာကတော့ ယူနိုက်တက်အတွက် အန္တရာယ်များတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။

ဘောလုံးပွဲတစ်ပွဲရဲ့ ရလဒ်ဟာ ကံနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီပွဲစဉ်ကတော့ နိုးကြားတက်ကြွမှုနဲ့ ပရိယာယ်ကြွယ်ဝမှုတို့ အားပြိုင်တဲ့ နည်းစနစ်တိုက်ပွဲ တစ်ခုလို့ ညွှန်းရပါလိမ့်မယ်။ အနိုင်အရှုံး ရလဒ်တစ်ခုပြတ်ပြတ်သားသားထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပြီး သရေပွဲဖြစ်သွားရင်တော့ နှစ်သင်းလုံးအတွက်ရော၊ ပွဲကြည့်ပရိသတ်အတွက်ပါ စိတ်အစာမကျေစရာ ဖြစ်လာမယ်လို့ ခံစားမိပါတယ်။

7Day Daily

0 comments:

Post a Comment