Friday, October 2, 2015

ဘီလီယံဒေါ်လာ တန်ကြေးရှိ အုန်းသီးလုပ်ငန်းမှ တရစ္ဆာန်အခွင့်အရေး ချိုးဖောက်ခံရ မျောက်တို့ရဲ့ဘဝ


မျောက်များကို အုန်းသီးခူးတတ်အောင် သင်ကြားပေးပြီး စီးပွားဖြစ် အုန်းရည်နှင့် အုန်းဆီလုပ်ငန်းဖြင့် ကြီးပွား နေသော အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံအကြောင်း သတင်းတရပ်တွင်ပေါ်လာသည်။ မျောက်ငယ်လေးများကို မိခင်မျောက်မကြီးထံမှ ခိုးယူကြရာတွင် အများအားဖြင့် တောလိုက်မုဆိုးများက မျောက်မကြီးများကို ပစ်သတ်လေ့ရှိသည်။ ယင်းနောက် မျောက်ကလေးများကို အထူးလေ့ကျင့်ရေး ကျောင်းပို့၍ တရက်လျှင် အုန်းသီးအလုံး ၁၀၀၀ ခူးနိုင်အောင် သင်ကြားပေးကြသည်။

အုန်းရည်နှင့်အုန်းဆီမှ ထုတ်ယူသော အလှကုန်ပစ္စည်းများနှင့် ကျန်းမာရေးအထောက်အကူပြုကုန် ပစ္စည်း များကို မင်းသားမင်းသမီးများအပါအ၀င် ထင်ပေါ်ကျော်ကြား လူသိများသူများက သုံးစွဲလျက်ရှိပြီး ထို့အတွက် ထိုင်းနိုင်ငံတွင် အုန်းသီးများကို မတရားစေခိုင်းထားသော မျောက်သတ္တ၀ါများဖြင့် အကြီးအကျယ်ထုတ်လုပ်လျက်ရှိသည်။ အုန်းသီး၊ အုန်းဆီ မှရသောပစ္စည်းဖြင့် ကမ္ဘာကျော်အမှတ် တံဆိပ်အလှကုန်များ ထုတ်လုပ်နေမှုတွင် ကုန်ကြမ်းပစ္စည်းကို ထိုင်း နိုင်ငံမှသာမက ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများကပါ တင်ပို့ပေးနေကြသည်။

စူပါမားကတ်များတွင်လည်း အုန်းရည်ကို အဓိက ကျန်းမာရေးအထောက်အကူပြုပစ္စည်းအဖြစ် တွင်တွင်ကျယ်ကျယ် ရောင်းချနေမှုမှာ ဒေါ်လာ သန်းထောင်နှင့်ချီ၍ ၀င်ငွေရနေကြသည်။ သို့သော်လည်း အုန်းဆီနှင့်အုန်းရည်ထုတ်လုပ်မှုလုပ်ငန်း ကြီးထွားလာသည်နှင့်အမျှ မျောက်သတ္တ၀ါများမှာစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအကြီးအကျယ် ခံနေကြရသည်။ အဘယ်ကြောင့်ဆိုသော် အုန်းပင်တက်သည့် မျောက်များကို ၂၄ နာရီ သံကြိုးခတ်ထားသောကြောင့် ဖြစ်သည်။

အုန်းရည်ထုတ်လုပ်မှုတွင် အဓိကအားဖြင့် အုန်းသီးရနိုင်သော နိုင်ငံများကို အားထားကြရသည်။ အင်ဒိုနီးရှား သည် တနှစ်လျှင် အုန်းသီးတန်ချိန် ၁၈ သန်း ထုတ်လုပ်လျက်ရှိပြီး ထိုင်းနိုင်ငံကမူ တန်ချိန် တသန်းထုတ်နေ သည်။ သို့သော်လည်း မျောက်များကို မည်မျှအသုံးပြုပြီး အုန်းသီးများ ထုတ်လုပ်နေသည်ကိုမူ အတိအကျ မသိရသေးချေ။ ထိုင်းနိုင်ငံမှ ထုတ်လုပ်သော အုန်းသီးအများစုမှာမူ မျောက်များကို စေခိုင်းပြီး ထုတ်လုပ်ခဲ့ကြ ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြခဲ့သည်။ အချို့သော အုန်းသီးခူးမျောက်များမှာ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အလုပ်လုပ်ကြရသည်။ မိုးရွာသောနေ့နှင့် တနင်္ဂနွေနေ့များတွင်သာ အလုပ်ကို ခေတ္တနားထားကြသည်။

အလုပ်မလုပ်ရသော အချိန်များတွင် မျောက်များ၏နှုတ်သီးများကို အဖုံးဖြင့်စွပ်ကာ သစ်ပင်ငုတ်တိုများတွင် သံကြိုးနှင့် ချည်နှောင်ထားကြသည်။ မျောက်များသည် လူများထက် အုန်းသီးကို ရာနှင့်ချီ၍ ပိုပြီးခူးနိုင်ကြသည်။

ထိုင်းနိုင်ငံ၊ ခိုဖန်ဂန်ရှိ မျောက်သင်တန်းကျောင်းတွင် မျောက်များ၏ အုန်းသီးခူးကျွမ်းကျင်မှု သရုပ်ပြခဲ့ရာ၌ မျောက်တကောင်က စက္ကန့် ၃၀ ပိုင်းအတွင်း အုန်းပင်ပေါ်ရှိ အုန်းသီးများအားလုံး ခူးနိုင်ခဲ့ကြောင်း တွေ့ရသည်။ ယင်းကဲ့သို့ မျောက်များအသုံးပြုခြင်းကြောင့် လူသားများထက် ပို၍အန္တရာယ်ကင်းပြီး လူမှုဖူလုံရေးနှင့် မတော် တဆထိခိုက်မှု လျော်ကြေးပေးစရာမလိုကြောင်း သင်တန်းကျောင်းတခုက ပြောသည်။

တနည်းအားဖြင့် အုန်းသီးထုတ်လုပ်သူများက မျောက်များကို သက်ရှိစက်ရုပ်ကဲ့သို့ သဘောထားပြီး ခိုင်းစားနေခြင်းပင် ဖြစ်သည်။


ထွဋ်ဝင်းထွဋ်
Daily mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment