Friday, October 2, 2015

ရွေးကောက်ပွဲ တစ်ပတ် အလိုတွင် မဲပေးခွင့် လက်မှတ်များ ထုတ်ပေးမည်


မဲပေးခွင့် သက်သေခံ လက်မှတ်များအား ရွေးကောက်ပွဲ မကျင်းပမီ သီတင်းတစ်ပတ် အလိုတွင် သက်ဆိုင်ရာ မြို့နယ်/ ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သတင်း ရရှိသည်။၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန်အတွက် ထုတ်ပြန် ကြေညာထားသော မဲစာရင်းတွင် နာမည် မပါသော သူများ အနေဖြင့် ပြန်လည် လျောက်ထားပါက မဲပေးခွင့် သက်သေခံ လက်မှတ်ဖြင့် မဲပေးခွင့် ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြား ထားသည်။

““မဲစာရင်းကို ကြေညာလိုက်တဲ့ အခါ မှာ မဲစာရင်းမှာ မပါသေးတဲ့သူက သူတို့မဲစာရင်းကို ထည့်တယ်။ ပါပြီးရင်တော့ ကော်မရှင်က အတည်ပြု ပေးတယ်။ မပါသေးရင် ထည့်ပေးတယ်။ အတည်ပြုပြီးတော့ မဲစာရင်းမှာပါတဲ့ သူတွေကို အဲဒီလက်မှတ် ထုတ်ပေးမယ်””ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။

ရွေးကောက်ပွဲတွင် မဲပေးခွင့် ရရှိရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၌ မဲစာရင်းများကို ထုတ်ပြန်ထားပြီး။ မဲစာရင်းများတွင် နာမည်ပါဝင်ခြင်း မရှိသောသူများ အနေဖြင့် ပုံစံ(၄) ဖြင့် ကော်မရှင်ထံသို့ ပြန်လည် လျောက်ထား ရမည်ဖြစ်သည်။

မဲစာရင်းတွင် နာမည်မပါသူများ အနေဖြင့် ID (သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ကျောင်းသားကတ် စသည့် အထောက်အထား) များအပြင် ရပ်ကွက်လူကြီး နှစ်ဦး၏ ထောက်ခံချက် လိုအပ်ပြီး ပြန်လည် လျောက်ထားမှသာ မဲပေးခွင့် သက်သေခံ လက်မှတ်ဖြင့် မဲပေးခွင့် ရရှိမည် ဖြစ်သည်။ လျောက်ထားခြင်း မပြုသူများသည် မဲပေးခွင့် ဆုံးရုံးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

““သက်သေခံ လက်မှတ်မှာက နာမည်ရယ်၊ မဲရုံအမှတ်ရယ် မှတ်ပုံတင် နံပါတ်ရယ် ပါမယ်။ ဒါကိုမြို့နယ် ကော်မရှင် အဖွဲ့ခွဲတွေ ကထုတ်ပေးမယ်။ မဲပေးမယ့် အချိန်ကျရင် ဒါကိုပြရမယ်။ အဲဒီတော့မှ မဲလက်မှတ်ထုတ် ပေးမယ်။ တကယ်လို့ သက်သေခံ လက်မှတ် မထုတ်ဖြစ်ရင် မဲစာရင်းကို လာကြည့်။ မဲစာရင်းမှာပါရင် မဲပေး။ မှတ်ပုံတင်တို့ သက်သေခံကတ်တို့ ယူလာရမယ်။ တကယ်လို့ မှတ်ပုံတင် ပျောက်ဆုံးတာ ရှိရင် မဲရုံကိုယ်စားလှယ် တွေက စိစစ်မယ်။ အိုကေရင် မဲပေးလို့ရပြီ””ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအား နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာ ထားသည်။ နောက်ဆုံး မဲဆန္ဒရှင် စာရင်းအား စက်တင်ဘာလ (၁၄)ရက်နေ့မှ (၂၇)ရက် နေ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာခဲ့သည်။

Messenger News Journal

0 comments:

Post a Comment