ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် ရောက်ရှိနေသော ဘင်္ဂါလီများကို ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းသည် ဥပဒေအရလုပ်ဆောင်နေရခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် သွားသည့် ဘင်္ဂါလီများကို ပြန်လက်ခံမည့်အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြား ခဲ့ ခြင်း ဖြစ်သည်။
''လက်ခံတယ်ဆိုတာက နိုဝင်ဘာ၂၃ရက် က ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်နဲ့ စာချုပ်မှာလတ်မှတ်ထိုးထားတာရှိတယ်။ အဲဒါ မတိုင်ခင်လည်း ၁၉၉၃ တုန်းကလည်း လတ်မှတ်ထိုးထားတာရှိတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ နေခဲ့ဖူးတဲ့ လူကို ပြန်လက်ခံတာပါ။ အဲလိုမှမလုပ်ရင်လည်း နိုင်ငံတကာက ဥပဒေတွေက ရှိသေးတယ်။ ဒါ ကြောင့် ဥပဒေအတိုင်းလုပ်တာပါ'' ဟု ၀န်ကြီး ဦးသောင်းထွန်းက ပြောသည်။
အဆိုပါ ဘင်္ဂါလီများကို ပြန်လည်လက်ခံရာတွင် အကြမ်းဖက်သမားများ ရောနှောပါလာနိုင်သည်ကို အစိုးရအ နေဖြင့် သတိပြုမိကြောင်းလည်း ၎င်းကဆိုသည်။
ထို့ကြောင့် ဓာတ်ပုံနှင့်တကွ ကိုယ်ရေးအချက်အလက်များ ဖြည့်ခိုင်းပြီး ၄င်းမည်သည့် နေရာတွင်နေထိုင်ခဲ့သည်၊ မည်သည့်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်ကို စစ်ဆေးပြီးမှသာ လက်ခံမည်ဖြစ်၍ စနစ်တကျဆောင်ရွက်နေကြောင်းလည်း ၀န်ကြီးက ဆိုသည်။
ဧပြီ ၁၁ ရက်မှ ၁၃ ရက်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနှင့် ဒါကာသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက် ခဲ့ပြီး ဘင်္ဂါလီဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment