Monday, April 9, 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျတ်ထဲမှ ၆ ဘီလီယံကျော်ကို ရခိုင်လွှတ်တော် ဖြတ်တောက်


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လတာ ကာလအတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်ထည်ဖော် ဆောင်ရွက်ရန် လျာထားသည့် ဘတ်ဂျတ်ငွေထဲမှ ၆ ဘီလီယံကျော်ကို ဖြတ်တောက်ရန် ရခိုင်ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြည်နယ်လွှတ်တော်၏ ပူးပေါင်းဆွေးနွေးရန် ဖိတ်ကြားခြင်းကို လက်မခံဘဲ ဥပဒေနှင့် အညီ ဆောင်ရွက်ရန် အကြောင်းပြန်သည့်အတွက် ထိုသို့ ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ဧပြီလ ၉ ရက်နေ့က ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးအဝေးတွင် ပြောသည်။

“အစိုးရအဖွဲ့က ညှိနှိုင်းဆွေးနွေးမှုကို လက်မခံဘဲ ဥပဒေနဲ့အညီ ဆောင်ရွက်ပါဆိုလို့ လွှတ်တော်က ဥပဒေနဲ့အညီ ဆောင်ရွက်လိုက်တဲ့အခါ ဒီဘတ်ဂျတ်ငွေ ၆ ဘီလီယံကျော်ဟာ အဟောသိတိုင် ဖြစ်သွားရပါတယ်။ အစိုးရက ဘတ်ဂျတ်ကို လွှတ်တော်ကို တင်လာတဲ့အခါ ပြဿနာ ဖြစ်တော့မယ် ဆိုတာကိုသိလို့ အစိုးရနဲ့ ညှိနှိုင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ညှိနှိုင်းဆွေးနွေးဖို့အတွက် အစိုးရအဖွဲ့ကို စာနဲ့ အကြောင်းကြားခဲ့တယ်။ ညှိနှိုင်းမှုဟာ ဥပဒေနဲ့မညီ ဆိုပြီး တစ်ဖက်သတ် ဖျက်ဆီးခြင်းခံလိုက်ရတဲ့အတွက် ဆွေးနွေးမှုဟာ ပျက်ပြားခဲ့ရတယ်။”

ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းလာသည့်အနက် ယခင်နှစ်များက ဆောင်ရွက်ပြီး လုပ်ငန်းအချို့ ထပ်မံပါဝင်လာ သလို မဆောင်ရွက်ရသေးဘဲ ပြည်သူများအတွက် အမှန်တကယ် အရေးပါသည့် လုပ်ငန်းများပါဝင်လာသော်လည်း ရခိုင်ပြည်နယ် လွှတ်တော်အနေနှင့် ခွင့်ပြုလိုက်လျှင် အလွန်တရာမှ ဂုဏ်သိက္ခာကျဆင်းသွားနိုင်ကြောင်း မနေ့ကပြုလုပ်သည့် ပြည်နယ်လွှတ်တော် သတင်းစာ ရှင်းလင်းပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောဆိုကြသည်။

ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ဘဏ္ဍာငွေဖြတ်တောက်ခံရသောကြောင့် ပြည်သူတို့၏ ထိခိုက်နစ်နာမှုအတွက် စိတ်မကောင်းဖြစ်မိသော်လည်း လွှတ်တော်မှ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အထွေအထူး ပြောစရာမရှိကြောင်း ဆိုသည်။

“ဥပဒေရှိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိတယ်။ နောက် လွှတ်တော်နည်းဥပဒေရှိတယ်။ ဘဏ္ဍာရေးနဲ့ ပတ်သတ်ပြီးတော့ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းရှိတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေး ရေးဆွဲတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့် ရှိပါတယ်။ အဲလို အဆင့်ဆင့်တွေနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဖြတ်တောက်တာ ဖြစ်တဲ့အတွက် ပြည်နယ်အတွက် အများကြီးနစ်နာတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ လွှတ်တော်ကတော့ သူ့ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာဖြစ်တဲ့အတွက် ကျနော်အနေနဲ့ ဘာမှပြောစရာမရှိပါဘူး။”ဟု ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

ယခု ဖြတ်တောက်ခံလိုက်ရသည့် ဘဏ္ဍာငွေကို ပြည်ထောင်စုအစိုးရမှ ချပေးထားခြင်းဖြစ်သည့်အတွက် ပြည်ထောင်စု အစိုးရထံသို့ ပြန်လည်အပ်နှံရမည်ဖြစ်ပြီး ယင်း ၆ ဘီလီယံကျော်ထဲတွင် ရခိုင်ပြည်နယ်အတွင်း အကောင်အထည် ဖော်မည့် အဆင့်မြင့် ဈေး ၅ ဈေး အပါအဝင် စုစုပေါင်း လုပ်ငန်း ၂၀ ခန့်လောက် ပါဝင်ကြောင်း သိရသည်။

ယင်းသို့ ဘဏ္ဍာငွေများကို ဖြတ်တောက်ရန် ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ရာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဝန်ကြီးအချို့ပါဝင်ခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ်အချို့လည်းပါဝင်ခဲ့ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကက အစည်းဝေးတွင် ပြောသည်။


သတင်းဓာတ်ပုံ- ဧပြီလ ၉ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ်တော်အား တွေ့ရစဉ် (ဓာတ်ပုံ- အောင်အောင်ထူး/ RiA)

0 comments:

Post a Comment