နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲရန် နေရပ်ရင်းသို့ ပြန်လာခဲ့ကြသည့် ရွှေ့ပြောင်းလုပ်သားများမှာ နှစ်ဆန်း ၂ ရက် ဧပြီ ၁၈ ရက်မှ စတင်ကာလုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ မြ၀တီနယ်စပ် ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ထွက်ခွာနေကြပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံဘက်တွင်လည်း တံတားဖြတ်သန်းခွင့် အထွက်တံဆိပ်တုံးထုရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ပေးရခြင်းမရှိကြောင်း သိရသည်။
“ထိုင်းနိုင်ငံဘက် ထွက်ခွာမယ့် မြန်မာလုပ်သားတွေကို ဧပြီ ၃၀ ရက်အထိ အထွက်တံဆိပ်တုံး အခမဲ့ ထုပေးနေပါတယ်။ ထိုင်းနိုင်ငံဘက်မှာလိုပါပဲ အ၀င်ရော အထွက်ပါ အခမဲ့ ဆောင်ရွက်ပေးပါတယ်” ဟု မြ၀တီချစ်ကြည်ရေးတံတားတွင် တာဝန်ထမ်းဆောင်နေသည့် ဒုလ၀ကမှူး ဦးကျော်နန္ဒသက်တင်က ပြောကြားသည်။
ယခုနှစ် သင်္ကြန်ပွဲတော်အတွက် ထိုင်းနိုင်ငံအတွင်း လာရောက်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရေးအတွက် မည်သည့်အခကြေးငွေမှ မပေးဆောင်ရဘဲ နယ်စပ် ဖြတ်သန်းသွားလာခွင့်အား ဒုတိယနှစ်အဖြစ် ခွင့်ပြုလိုက်သည့်အတွက် နေရပ်ပြန်လာသူ ယခင်နှစ်ကထက် ပိုမိုများပြားခဲ့ကြောင်း သိရသည်။
“ဒီနှစ် သင်္ကြန်ပွဲတော်အတွင်း သွားလာခွင့်အဖြစ် ဧပြီ ၅ ရက်မှ ၃၀ ရက်အထိ ထိုင်းအစိုးရက မည်သည့်ငွေကြေးမှမပေးရဘဲ တရားဝင် သွားလာခွင့်ပြုထားတာဆိုပေမယ့် လုပ်ငန်းခွင်ဝင်ဖို့ ဒီမနက် (၁၈-၄-၂၀၁၈) ပြန်ခဲ့ကြတာပါ။ တကယ်ဆိုမိဘ၊ မောင်နှမတွေနဲ့ အကြားကြီး နေချင်ပေမယ့် မရတော့ပါဘူး။ ဆက်နေရင် လက်ရှိအလုပ်က အထုတ်ခံရပါမယ်။ ဒါကြောင့် သင်္ကြန်ပြီးတာနဲ့ ချက်ချင်းပြန်သွားရတာပါ” ဟု လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ဘီလူးကျွန်းချောင်းဆုံမြို့နယ်မှ ကိုထွန်းက ပြောကြားသည်။
“မိဘတွေ၊ သူငယ်ချင်းတွေနဲ့ အကြာကြီးနေချင်တာပေါ့။ ခွဲခွာပြီးအလုပ်သွား လုပ်ခဲ့တာလည်း နှစ်မနည်းတော့ပါဘူး။ ဒါပေမဲ့ အလုပ်မရှိ ၀င်ငွေမရှိတော့ နေမပျော်တော့ဘူးလေ။ ကော်ဆန်း (ပန်းရန်) အလုပ်ပင်ပန်းပေမယ့် ပိုက်ဆံရဖို့အရေး သင်္ကြန်လွန်တာနဲ့ ချက်ချင်းလာခဲ့ကြတာပါ” ဟု ဘားအံမြို့ရှိ မိဘများထံသို့ သွားရောက်သင်္ကြန်ပွဲတော် ဆင်နွှဲခဲ့သည့် ကိုကိုလင်းက ပြောကြားသည်။
ယခုနှစ်သင်္ကြန်အကြို ကာလတွင် မဲဆောက်-မြ၀တီလမ်းမှတစ်ဆင့် နေရပ်သို့ ဧပြီ ၅ ရက်နောက်ပိုင်း ပြန်လာသူ မြန်မာလုပ်သားတစ်သိန်းခန့် ယခင်လိုအတက် အဆင်း မရှိတော့ကြောင်း၊ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာလုပ်သားများဧပြီ ၁၈ ရက်၊ နှစ်ဆန်း ၂ ရက်မှ စတင်ပြီး မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာလျက်ရှိသော်လည်း ဧပြီ ၃၀ ရက် နောက်ဆုံးထားပြီး ထိုင်းနိုင်ငံသို့ ပြန်လည် ၀င်ရောက်ရန်လိုအပ်ကြောင်း သိရသည်။
ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ အလုပ်ရှိသော်လည်း စားလောက်သည့် လုပ်အားခ၀င်ငွေ မရရှိခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းတို့ကြောင့် သင်္ကြန်ပြန် လူငယ်လူရွယ်များမှာ မိခင်ရင်ခွင်၌ နွေးထွေးအောင် မနေနိုင်ကြဘဲ လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ သင်္ကြန်လွန်သည်နှင့် ချက်ချင်းပြန်လည် ထွက်ခွာနေကြခြင်းဖြစ်သည်။
ကိုရွှေသိန်း
Eleven Media Group
0 comments:
Post a Comment