Friday, June 1, 2018

မြန်မာနိုင်ငံရှိ အရွယ်ရောက် လူဦးရေ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းတွင်သာ ကိုယ်ပိုင်ဘဏ်အကောင့်ရှိ


ကမ္ဘာ့ဘဏ်မှ ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုစစ်တမ်းအရ မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီး လူဦးရေ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းတွင်သာ ကိုယ်ပိုင်ဘဏ်အကောင့်ရှိကြောင်းသိရသည်။

ကုလသမဂ္ဂနှင့် ID 2020 ပရောဂျက်အရ ကမ္ဘာပေါ်ရှိ လူဦးရေ ၂ ဒဿမ ၅ သန်းကျော် - အများစုမှာ အာရှတွင် နေထိုင်သူများသည် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အခွင့်အလမ်း နည်းပါးလျှက်ရှိကြောင်း မြန်မာနိုင်ငံတွင် ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုဆောင်ရွက်နိုင်ရေး အတွက် အထူးနည်းပညာမြင့် ပရိုဂရမ်များကို အသုံးပြုနေသည့် oradian ကုမ္ပဏီမှ သိရသည်။

မြန်မာနိုင်ငံတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ရရှိရေး အခွင့်အလမ်းများအား ကန့်သတ်ထားသည့် အတားအဆီးအချို့ရှိနေပြီး မြန်မာနိုင်ငံရှိ လူအများစုအတွက် အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်း (သို့) ၁၀ ရာခိုင်နှုန်းထက် ပိုမိုများပြားနေခြင်း၊ ဘဏ်ခွဲသို့ သွားလာရသည့်စရိတ်နှင့် ငွေအလွှဲအပြောင်း ပြုလုပ်မှုစိရိတ်မှာ များပြားပြီး အလွန်ပင် အချိန်များ ကုန်နေကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရှိ ကျေးလက် ဒေသများတွင် နေထိုင်သူများသည် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစားချေးငွေ လုပ်ငန်းများအပေါ် မှီခိုနေရကြောင်း၊ အကယ်၍ အသေးစားချေးငွေလုပ်ငန်းများမှ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ မရရှိသည့်အခါ လူအများသည် ငွေစုခြင်း၊ ငွေချေးခြင်း အစရှိသည့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို မယုံကြည်ရသော ပုံမှန် မဟုတ်သော နည်းလမ်းများဖြင့် စီမံလျှက်ရှိကြောင်း သိရသည်။

ဖွံ့ဖြိုးဆဲ ဈေးကွက်များရှိ အသေးစားချေးငွေလုပ်ငန်းများ MFIs သည် လက်ရှိ ဖောက်သည်များနှင့် ဖောက်သည် အသစ်များအား ဝန်ဆောင်မှုပေးရာတွင် မျက်နှာခြင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းများမှ တစ်ဆင့် သမားရိုးကျ ဝန်ဆောင်မှု ပေးလျှက်ရှိပြီး ကျေးလက်ဒေသရှိ အသေးစားချေးငွေ လုပ်ငန်းခွဲများသို့ သွားရောက်ကာ ၄င်းတို့၏ ဖောက်သည်များ (အများစုမှာ လယ်သမားများနှင့် အသေးစား စီးပွားရေး ပိုင်ရှင်များ) နှင့် တွေ့ဆုံရန် လိုအပ်လာကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ငွေကြေးဆိုင်ရာ လုပ်ငန်းရပ်များကို ထောက်ပံ့သော ကုမ္ပဏီတစ်ခုဖြစ်သည့် Oradian သည် ၄င်း၏ အဓိက လုပ်ငန်းစဉ်တစ်ခုဖြစ်သော Instafin အပါအဝင် cloud အခြေခံစနစ်ကို ထောက်ပံ့ပေးပြီး Instafin သည် အသေးစားချေးငွေလုပ်ငန်းများကို API ပရိုဂရမ်၏ ပေါင်းစပ်လုပ်ကိုင်ခြင်းနှင့် မိုဘိုင်း အသုံးပြု ငွေကြေးထောက်ပံ့ခြင်းစနစ်တို့အား အသုံးပြုခြင်းဖြင့် အသစ်အသစ်သော ဝန်ဆောင်မှုများကို လုပ်ဆောင်နိုင်ရန်အတွက် အထူး ဒီဇိုင်းဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

အသေးစားချေးငွေလုပ်ငန်းများသည် ဒီဂျစ်တယ် ငွေကြေး ပံ့ပိုးမှုများဖြင့် ဖောက်သည်အသစ်များထံ လျှင်မြန်စွာနှင့် သက်သာစွာ ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ပြီး API ပရိုဂရမ် ပေါင်းစပ်ခြင်းစနစ်သည် အသေးစား ချေးငွေလုပ်ငန်းများ အတွက် ဝန်ဆောင်မှု တိုးတက်ရန်၊ စွမ်းရည်ပြည့်ဝသော ရလာဒ် ရစေရန် နှင့် ၄င်းတို့လုပ်ငန်းကို ဈေးကွက်အတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်စေပြီး ဖောက်သည်များကို စရိတ် သက်သာစေသော အကျိုးများသည့် နည်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။ 

အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment