Tuesday, June 5, 2018

ပဉ္စမတန်း ပထဝီဝင် ဖတ်စာအုပ်တွင် ကမ္ဘာ့မြေပုံ၌ အီကွေတာမျဉ်း မှားယွင်းရေးဆွဲ


ယခု ပညာသင်နှစ် ပဉ္စမတန်း ပထဝီဝင်ဖတ်စာအုပ် အခန်း (၁)၊ စာမျက်နှာ(၄) ပါ ကမ္ဘာ့တိုက်ကြီးများနှင့် သမုဒ္ဒရာများပြပုံတွင် အီကွေတာမျဉ်းကို မြန်မာနိုင်ငံ အပေါ်ဖြတ်ကာ ရေးဆွဲထားမှု ကို ဝေဖန်ထောက်ပြမှုများ ရှိနေသည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ဖြန့်ဝေသည့် အခြေခံပညာကျောင်းသားကိုင် ပဉ္စမတန်းဖတ်စာအုပ်များတွင် ယင်းသို့ မှားယွင်းဖော်ပြထားခြင်း ဖြစ်သည်။ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းကို ပိုင်းဖြတ် ထားသည့် အီကွေတာမျဉ်းသည် ကမ္ဘာ့မြေပုံတွင် မြန်မာနိုင်ငံ၏ အောက်ဘက်အခြမ်း၌ သီးခြားရှိ နေရမည်ဖြစ်သော်လည်း ပဉ္စမ တန်းဖတ်စာအုပ်၌ မြန်မာနိုင်ငံ ပေါ်မှ ဖြတ်ကာ ရေးဆွဲထားသည်။ အီကွေတာမျဉ်း ဖြတ်သွားသည့် နိုင်ငံများတွင် မြန်မာနိုင်ငံမပါဝင် ဘဲ မြေပုံ၌ မှားယွင်းရေးဆွဲခဲ့မှု ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမှားပြင်ဆင်သင့် ကြောင်း ပညာရေး ကျွမ်းကျင် ပညာရှင်များက ဆိုသည်။

ဖတ်စာအုပ်ပါ မြေပုံမှား ယွင်းနေခြင်းနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်ထံ ဆက်သွယ်မေးမြန်းရာ ယင်းသို့ လွဲမှားရသည့်အကြောင်းရင်းများစွာရှိကြောင်း၊ ဆရာ၊ ဆရာမများသည် ထိုမြေပုံ တစ်ခုတည်းကို အသုံးပြုသင်ကြား ခြင်းမဟုတ်ကြောင်း ပြောသည်။

‘‘ပုံနှိပ်တဲ့နေရာမှာ မှားသွား တာဖြစ်မယ်။ လုပ်တဲ့သူတွေက တော့ ဒီ Concept ကို နားမလည် လို့၊ မသိလို့တော့ ဟုတ်မယ် မထင်ဘူး။ ပုံကို ဆွဲလိုက်တဲ့အချိန် မှာ ဆွဲတဲ့သူက မှားသွားတယ် ထင်တယ်။ ဒါကို ပြန်ပြီးတော့ ပုံနှိပ်တိုက်မှာ Proof တွေ ဘာတွေ ဖတ်တဲ့အခါ သတိမထားမိဘဲ ပါ သွားတာဖြစ်မှာပေါ့’’ဟု ယူနီဆက်ပညာရေးစီမံကိန်းအငြိမ်းစားအ ရာရှိ သင်ရိုးညွှန်းတမ်းကျွမ်းကျင် ပညာရှင် ဒေါက်တာဝင်းအောင် က ပြောသည်။

ယခင်က ကျောင်းသုံးဖတ် စာအုပ်များ ပုံနှိပ်ရာတွင် အမှား အယွင်းများဖြစ်ပေါ်ပါက နောက် ဆက်တွဲအမှားပြင်ဆင်ချက်ဖော် ပြပြီး သင်ကြားသင်ယူမှုမထိခိုက် အောင် ပြုလုပ်လေ့ရှိသည်ဟု မန္တလေးတိုင်းဒေသကြီးမှ အလယ်တန်းပြဆရာမတစ်ဦးက ဆိုသည်။ ‘‘ဝိုင်းပြီး ထောက်ပြဝေဖန် တာရှိတော့ မှားနေတာကို သိပြီး တော့ စာသင်ခန်းအဆင့်ရောက် တဲ့အခါမှာတော့ ဆရာ၊ ဆရာမ တွေက ဒါကို ပြန်ပြင်ပြီးသင်မယ် လို့ ထင်ပါတယ်။ ခါတိုင်းဆိုရင် မှားသွားတာတွေရှိရင် အထူးသ ဖြင့် စာလုံးပေါင်းတို့၊ နာမည်အ ခေါ်အဝေါ်တို့ မှားသွားလို့ရှိရင် နောက်ကနေ အမှားပြင်ဆင်ချက် တော့ လိုက်ရတာပေါ့။ ဒါမှား သွားတယ်။ ဒါကို ဘယ်လိုပြန်ပြင် ပြီးတော့ လုပ်ပါဆိုတာမျိုးပေါ့။ ဒါပုံနှိပ်တဲ့အခါမှာ ဖြစ်တတ်တဲ့ ဟာမျိုးဆိုတော့လေ။ အဲဒီလိုမျိုး လုပ်လိုက်ရင် စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမတွေရဲ့ သင်ကြား သင်ယူမှုအပေါ်မှာ အများကြီးထိခိုက်သွားမယ့် ဟာမျိုးတော့ မဟုတ်ပါဘူးလို့ ထင်ပါတယ်’’ဟု ဒေါက်တာ ဝင်းအောင်က မှတ် ချက်ပြုသည်။

ယင်းသို့ မြေပုံလွဲမှားဖော်ပြ ထားမှုကို လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးက ထောက်ပြရေးသားခဲ့ရာ ပညာရေးအသိုင်းအဝိုင်းနှင့် ကျောင်းသားမိဘများက ပညာ ရေးဝန်ကြီးဌာနအပေါ် မှတ်ချက် ပြုဝေဖန်မှုများရှိခဲ့သည်။

‘‘ဖတ်စာအုပ်တော့ ကျောင်း က ပေးလိုက်တယ်။ ကိုယ်က လည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ ဖတ်စာအုပ်သေချာမကြည့်မိဘူး။ ဖေ့စ်ဘွတ်ခ်မှာ ဝိုင်းပြောကြမှ ယူ ကြည့်တော့ အီကွေတာမျဉ်းက ပြောကြသလို လွဲနေတာတွေ့ တာ။ ဖတ်စာအုပ်ဆိုတာ စံတစ်ခု သတ်မှတ်ကြတဲ့ဟာ၊ ကျွန်တော် တို့ငယ်ငယ်ကတည်းက ဖတ်စာ အုပ်မှာ ဒီအတိုင်းဆို ဒါအမှန်လို့ မှတ်ထားခဲ့တာ’’ဟု အထက(၄) အလုံမှ ပဉ္စမတန်းကျောင်းသူတစ် ဦး၏ဖခင်က ပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ်က လည်း ပဉ္စမတန်းပထဝီဝင်ဖတ်စာ အုပ်တွင် မြန်မာနိုင်ငံ၏ အရှေ့ ဘက်ကုန်းမြင့်ဒေသပုံနှင့် အ နောက်ဘက်တောင်တန်းဒေသပုံ တို့ကို ပုံနှင့် ပုံစာလွဲမှားဖော်ပြခြင်း ကြောင့် ဝေဖန်မှုများရှိခဲ့သည်။

ပညာရေးဝန်ကြီးဌာနသည် ကျောင်းသုံးဖတ်စာအုပ်များရိုက် နှိပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ သို့ နှစ်စဉ်တင်ဒါခေါ်ကာ လုပ်ငန်း လုပ်ကိုင်ခွင့်ပေးထားသည်။

ယခင် ပညာသင်နှစ်က တစ်နိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၆ သန်းကျော် တက်ရောက်ပြီး ထိုကျောင်းသားစာရင်းပေါ် မူတည်ကာ ယခုပညာသင်နှစ်၌ ကျောင်းသုံးဖတ်စာအုပ်များကို ကျောင်းများသို့ အခမဲ့ဖြန့်ဝေထားသည်။

7Day

0 comments:

Post a Comment