Thursday, November 1, 2018

သီလရှင်ဒေါ်ကေသာဝတီကို ကျောင်းတိုက်မှ အုပ်စုဖွဲ့ ဆွဲထုတ်ခဲ့ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တိုင်ကြားထား၊ ထူးခြားမှုမရှိသေး


စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ဧမြဇေယျာချောင် ဝိမလာရာမတိုက်မှ လက်ထောက် သီလရှင်ဒေါ်ကေသာဝတီကို အုပ်စုဖွဲ့ဆွဲထုတ်ခဲ့ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ သို့ တိုင်ကြားထားသော်လည်း ထူးခြားမှုမရှိသေးကြောင်း ဒေါ်ကေသာဝတီ၏ ဦးလေးတော်စပ်သူဦးမော်က အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် News Watch သို့ ပြောကြားသည်။ 
အောက်တိုဘာ ၂၅ ရက်၊ ညနေ ၃ နာရီခန့်တွင် ဒေါ်ကေသာဝတီကို အခြားသီလရှင် အပါးသုံးဆယ်ကျော်က အုပ်စုဖွဲ့ဆွဲထုတ်နေသည့်ဗီဒီယိုဖိုင်မှာ ဖေ့စ်ဘုတ်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ 

ယင်းဆွဲထုတ်ခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများသို့ တိုင်ကြားထားသော်လည်း အောက်တိုဘာ ၃၁ ရက်အထိ တစုံတရာထူးခြားမှုမရှိသေးခြင်းကြောင့် ရဲစခန်းတွင် သွားရောက်အမှုဖွင့်ရန် စိတ်ကူးထားသည်ဟု ဦးမော်ကပြောကြားသည်။ 

''ရဲစခန်းသွားမယ်လို့ စိတ်ကူးထားတာပေါ့ခင်ဗျာ။ ကနေ့ထိအောင် အခြေအနေဘယ်လိုတုံးလို့ စောင့်နေတာပေါ့။ ဘာမှအခြေအနေ မထူးသေးဘူးလေ။ ဘာမှမလာကြသေးဘူး။ ဒါပေမဲ့သီလရှင် မှတ်ပုံတင်တော့ ရဲကလာတောင်းသွားတယ်''ဟု ဦးမော်ကပြောကြားသည်။ 

သီလရှင်မှတ်ပုံတင်ကို အောက်တိုဘာ ၃ဝ ရက် ညနေပိုင်းက လာရောက်တောင်းယူသွားခြင်းဖြစ်ကြောင်း၊ ဒေါ်ကေသာဝတီမှာ ကျောင်းတိုက်ထဲတွင်ပင်ရှိနေကြောင်း၊ ဆွဲထုတ်ခဲ့သူများက ဒေါ်ကေသာဝတီကို ယင်းကျောင်းတိုက်မှ လုံးဝထွက်သွားစေချင်ကြောင်း၊ သို့သော် ဒေါ်ကေသာဝတီအနေဖြင့် ထွက်သွားမည် မဟုတ်ကြောင်း၊ လွန်ခဲ့သည့်လေးနှစ်ကတည်းက တိုင်းသံဃနာယကအဖွဲ့က ဒေါ်ကေသာဝတီကို ယင်းကျောင်းတိုက်တွင် တသက်တာနေထိုင်ခွင့်ပြုသည့်အမိန့်ကို ချမှတ်ထားခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိတဦးက ''အဲဒါကတော့ သံဃနာယကအဖွဲ့၊ နောက်ပြီးတော့ သီလရှင်အဖွဲ့ကနေပြီးတော့မှ သူတို့ရဲ့ ညွှန်ကြားချက်အရ ဆက်လက်ပြီးဆောင်ရွက်နေတယ်လို့ ကျွန်တော်တို့က သိရပါတယ်ဗျ။ ဓမ္မစက်နဲ့ပေါ့ဗျာ။ သာသနာရေးနဲ့ ပတ်သက်နေတဲ့ဟာဖြစ်နေတော့ သာသနာပိုင်းကပဲဆက်လက်ပြီး ဆောင်ရွက်နေဆဲပါဗျ''ဟု ပြောကြားခဲ့သည်။ 

သီလရှင်ဒေါ်ကေသာဝတီသည် အသက် ၁၈ နှစ်မှစတင်ကာ သီလရှင်ဝတ်ခဲ့ပြီး၊ လက်ရှိတွင် အသက် ၅၆ နှစ်၊ ဝါတော် ၃၈ ဝါရှိပြီဖြစ်ကာ သီလရှင်စတင်ဝတ်စဉ်ကတည်းကပင် ယင်းကျောင်းတိုက်တွင် သီတင်းသုံးခဲ့ကြောင်း သိရသည်။ 

မင်းထင် 
News Watch



0 comments:

Post a Comment