Thursday, November 1, 2018

အပစ်ရပ်လက်မှတ်မထိုးရသေးသည့် အဖွဲ့များ NCA တွင်ပါဝင်လာနိုင်ရေး ဘက်ပေါင်းစုံမှ စဉ်းစားလုပ် ဆောင်ရန် ဒေါက်တာဆလိုင်းလျန်မှုန်းတိုက်တွန်း


ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင်လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ NCA တွင်ပါဝင်လာနိုင်ရန်အတွက် ဘက်ပေါင်းစုံမှ စဉ်းစားလုပ်ဆောင်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာဆလိုင်းလျန်မှုန်းက တိုက်တွန်းပြောဆို လိုက်သည်။ 
(အစိုးရ၊ လွှတ်တော်၊ တပ်မတော်) အစုအဖွဲ့၊ NCA လက်မှတ်ထိုးထားသည့် လက်နက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် နိုဝင်ဘာ ၁ရက်က ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဒေါက်တာဆလိုင်လျန်မှုန်းက ပြောဆိုလိုက်ခြင်ဖြစ်သည်။ 

“ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေဘက်မှာလည်း ဆွေးနွေးတိုင်ပင်မှုတွေ ဆောင်ရွက်ဖို့ ကြိုးစားနေပါ တယ်။ ကျန်တဲ့အဖွဲ့တွေပါဝင်လာနိုင်ရေး မူဘောင်ဆွေးနွေးပွဲတွေမှာလည်း သူတို့ပါဝင်လာနိုင်ရေးကိစ္စကို ဘက်ပေါင်းစုံကနေစဉ်းစားပေးပြီးတော့ ကျွန်တော်တို့ဘက်က ဖွင့်ပေးထားဖို့လိုပါတယ်”ဟု ၎င်းက ပြော သည်။ 

အစည်းအဝေးတွင် အစိုးရအစုအဖွဲ့မှ ဦးအောင်စိုး၊ တိုင်းရင်းသားအစုအဖွဲ့မှ ဒေါက်တာဆလိုင်းလျန်မှုန်းနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဦးမြင့်စိုးတို့က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။ 

အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး KNU သည် ယခုအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။ 

နေပြည်တော်တွင် အောက်တိုဘာ ၁၅နှင့် ၁၆ရက်များက ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ အစည်းအဝေး၏ သဘောတူညီချက်အား အဖွဲ့အစည်းအတွင်း ပြန်လည်ချပြခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်ရန်ရှိသောကြောင့် လတ်တလောကျင်းပမည့် အစည်းအဝေးများသို့ တက်ရောက်မှုအား ယာယီဆိုင်းငံထားကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အောက်တိုဘာ ၂၇ ရက်က အသိပေးအကြောင်းကြားထားသည်။ 

တိုက်ပွဲများလျော့ချနိုင်ရေးအတွက် တရုတ်နိုင်ငံကူမင်းမြို့တွင် အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် KIA ၊ AA ၊ TNLA ၊ MNDAA အဖွဲ့တို့ ယမန်နေ့က ဆွေးနွေးခဲ့ကြောင်း သတင်းများထွက် ပေါ်လျက်ရှိသည်။ 

NCA လက်မှတ်ရေးထိုးရန်အတွက် UWSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ ကျန်ရှိနေသေးခြင်းဖြစ်သည်။ 

အဆိုပါအစည်းအဝေးအား လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ် သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIOနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ကို အစိုးရဘက်က ဖိတ်ကြားခဲ့သည်။ 

လက်ရှိပြုလုပ်သည့် အစုအဖွဲ့သုံးစု၏ အစည်းအဝေးကို နိုဝင်ဘာ ၁ရက်မှ ၃ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

The Fifth Wave News 

0 comments:

Post a Comment