Thursday, November 1, 2018

" NLD ပါတီ ဒုဥက္ကဋ္ဌ ဖြစ်သည့် မန်းတိုင်းဝန်ကြီးချုပ်အား လွှတ်တော်ကိုယ်စားလှယ်အချို့ ကြောက်နေ" ဟု USDP ပြောရေးဆိုခွင့်ရှိသူ ဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒုဥက္ကဋ္ဌ ဖြစ်သည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ပါတီအဆင့်သတ်မှတ်ချက်အရ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ ကြောက်နေဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောသည်။ 
ထို့အတွက် မန္တလေးတိုင်းဒေသကြီး လွှတ်တော် နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နှိုင်းယှဉ်ပါက ဝေဖန်အကြံပြုချက်များ ကျယ်ကျယ်လောင်လောင် အသံထွက်ခြင်းမရှိကြောင်း ဝေဖန်မှုများရှိခဲ့သည်။ 

"NLD ပါတီ မှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ သမ္မတ က ဒုက္ကဋ္ဌ (၁) သမ္မတပြီးရင် ဒေါက်တာဇော်မြင့်မောင် က ပရိုတိုကောအရ သူတာဝန်အရှိဆုံးဖြစ်နေတယ် ။ ဒီလိုဖြစ်နေတဲ့အတွက် လွှတ်တော်မှာ တစ်ချို့မေးချင်တဲ့ မေးခွန်းတွေရှိရင်တောင်မှ ပါတီရိုးအရ ဝန်ကြီးချုပ်ကို ကြောက်နေတဲ့ အနေအထားရှိတယ်လို့ မြင်တယ်" ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောသည် ။ 

ထို့အပြင် လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ တို့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ ဖြစ်သည့်အတွက် တခြားပါတီများ၏ မေးမြန်းချက် နှင့် အဆိုများမှာ လွှတ်တော်တွင်း တက်မလာပဲ ပယ်ချခံရမှုများရှိကြောင်း ၄င်းက ပြောသည်။ 

"မန္တလေးတိုင်းဒေသကြီး အစိုးရအနေနဲ့ လက်ရှိလုပ်နေတဲ့ အရာတွေမှာ ကျွန်တော်တို့ ထောက်ခံရမယ့်အရာတွေ အများကြီးရှိတယ် ။ ဒေါက်တာဇော်မြင့်မောင်တို့ဆိုရင်လည်း ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ပါတယ် ။ အဲ့လိုဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရလည်း ပြောလို့ဆိုလို့ ရတဲ့အနေအထားတွေရှိတယ် ။ ပါတီအနေနဲ့ ထောက်ပြဖို့ရာအတွက်လည်း အမြဲတမ်း ပြည်သူလူထုကောင်းကျိုးအတွက်ကို စောင့်ကြည့်နေပါတယ်" ဟု ဦးသိန်းထွန်းဦး က ဆက်လက် ပြောသည်။ 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ နှင့် မန္တလေးမြို့အတွင်း ပြန့်နှံ့နေသည့် မူးယစ်ဆေးဝါးပြဿနာတို့ကို ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း ဦးသိန်းထွန်းဦး က ထောက်ပြဝေဖန်ခဲ့သည်။

The Fifth Wave News 

0 comments:

Post a Comment