မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ ဇူလိုင်လ ၂၇ရက်နေ့ နံနက် ၆နာရီခွဲအချိန် တိုင်းထွာချက်အရ ၁၂၄၃ စင်တီမီတာ၊ ၂၃၀.၁၈ ပေဖြစ်ကြောင်း ဂေါဝိန် မြစ်ရေတိုင်းစခန်းမှ သိရသည်။
အဆိုပါမြစ်ရေသည် ဇူလိုင်လ ၂၆ရက်နေ့ နံနက် ၆နာရီခွဲက ၁၂၂၇ စင်တီမီတာ၊ ၂၂၉.၆၆ ပေ၊ဖြစ်ပြီး မွန်းလွဲ ၁၂နာရီခွဲအချိန် တိုင်းထွာချက်မှာ ၁၂၃၂ စင်တီမီတာ ၂၂၉.၈၂ ပေ သို့လည်းကောင်း၊ ညနေ ၆နာရီခွဲအချိန် တိုင်းထွာချက်မှာ ၁၂၃၈ စင်တီမီတာ၊ ၂၃၀.၀၂ ပေ သို့ လည်းကောင်း တဖြည်းဖြည်းမြင့်တက် ရောက်ရှိခဲ့ပြီး မန္တလေးမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၂၆၀ စင်တီမီတာ၊ ၂၃၀.၇၄ပေဖြစ်သည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှလည်း ဧရာဝတီမြစ်ရေသည် နောက် (၃)ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း ယမန်နေ့က ကြေညာထားရှိပြီး မြစ်ကမ်းအနီးနေရာများနှင့် မြေနိမ့်ပိုင်းများတွင် နေထိုင်သူများအနေဖြင့် သတိပြုကြရန်လည်း သတိပေးထားသည်။
“ဒီနစ်က ဝါထပ်လို့ ခုအချိန်က ပုံမှန်ဆိုရင် ဝါခေါင်လပေါ့။ရှေးအယူအဆအရ ဝါထပ်နှစ်မှာ တခြားနှစ်တွေထက် မြစ်ရေပိုတိုးတယ်။ လက်ရှိမြစ်ရေတက်ပြီးရင် ပြန်ကျသွားပြီး လာမယ့် ဝါခေါင်မှာ မြစ်ရေတက်လာအုံးမယ်။ အဲဒီကြမှ အောင်ရေလို့ခေါ်တယ်”ဟု ကမ်းနားလမ်းတွင် နှစ် ၂၀ ကြာနေထိုင်ခဲ့သူ ဦးသိန်းလွင် ကပြောသည်။
Ref ; The Mandalay News Journal
0 comments:
Post a Comment