Monday, July 27, 2020

နှစ်စဉ် ဘတ်ဂျက် လိုငွေပြနေပြီး စီးပွားရေးကျဆင်းနေသည့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပချေးငွေများ ချေးယူရာတွင် ချင့်ချိန်သင့်သည်ဟု တပ်မတော်သားကိုယ်စားလှယ်အကြံပြု

နှစ်စဉ် ဘတ်ဂျက် လိုငွေပြနေပြီး စီးပွားရေးကျဆင်းနေသည့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပချေးငွေများ ချေးယူရာတွင် ချင့်ချိန်သင့်သည်ဟု တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိန်ဝင်းက ယနေ့ပြည်ထောင်စုလွှတ်တော်တွင်ပြောကြားလိုက်သည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ထံမှ အမေရိကန် ဒေါ်လာ ၄၈၃.၈ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်(၉)ဦး တို့ဆွေးနွေးစဉ် ဗိုလ်မှူးကြီးစိန်ဝင်းက ပြောကြားလိုက်ခြင်းဖြစ်သည်။
“ဒီချေးငွေကို ၂၉ -၆-၂၀၁၉ မှာ ကျင်းပခဲ့တဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးမှာ ADB ဘဏ်ဥက္ကဌနဲ့ ဆွေးနွေးမှုကနေ သဘောတူ ချေးယူမှာဖြစ်ကြောင်း သိရပါတယ်။ ချေးငွေရဲ့စည်းကမ်းချက်များနဲ့ ကိုက်ညီပြီး သက်သာတဲ့ ချေးငွေတစ်ခုဖြစ်ကြောင်းနဲ့ ကြွေးမြီ ခံနိုင်ရည်ရှိကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီးက လာရောက်ရှင်းလင်းခဲ့ပါတယ်။ စီမံကိန်းအတွက် ချေးသင့်ပေမယ့် ကျွန်တော်တို့နိုင်ငံလို နှစ်စဉ် ဘတ်ဂျက် လိုငွေပြနေပြီးစီးပွားရေးကျဆင်းနေတဲ့ နိုင်ငံအဖို့ ဒီသတ်မှတ်ချက်တွေပြည့်စုံနေရုံလောက်နဲ့ ချေးငှားရန် သင့်မသင့်ဆိုတာကို ချင့်ချိန် အကြံပြုလိုပါတယ်။ အကြွေးဟာနောက် အစိုးရသက်တမ်း လေး ငါးခုအထိ ပြည်သူရဲ့ ကောက်ခံရရှိတဲ့ အခွန်ငွေနဲ့ ပြန်လည် ပေးဆပ်ရမှာဖြစ်တဲ့အတွက် အကြွေးယူသူဟာ အကြွေးရှင်ရဲ့မျက်နှာကို ပြန်ကြည့်နေရမယ့်ခေတ်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်”ဟု ၎င်းကပြော သည်။
ယင်းနောက် ၎င်းက“ အစိုးရသက်တမ်းတစ်လျှောက်လုံး ဘတ်ဂျက်လိုငွေတွေကို နိုင်ငံခြားချေးငွေတွေနဲ့ ဖြည့်ဆည်းဆောင်ရွက်ရတာ မူအားဖြင့် လက်ခံလို့ရပေမယ့် ဒီချေးငွေကို ချေးငှားရကျိုးနပ်အောင် အကျိုးရှိရှိသုံးဖို့ အဂတိကင်းကင်း အလေအလွင့်နည်းနည်း သတ်မှတ်ချိန်အတွင်း လိုအပ်တဲ့နေရာမှာ မှန်မှန်ကန်ကန်သုံးဖို့ အရေးကြီးတယ်ဆိုတာ ပြောလိုပါတယ်”ဟုလည်း ပြောဆိုခဲ့သည်။
ဗိုလ်မှူးကြီးစိန်ဝင်းက အစိုးရအနေဖြင့် ကြွေးမြီခံနိုင်သည်၊ စည်းကမ်းချက်များနှင့် ကိုက်ညီသည်ဆိုပြီး ချေးယူလိုက်သည့် ဒီချေးငွေများသည် အစိုးရအဆက်ဆက်၊ နိုင်ငံသားများအတွက် အကျိုးမရှိ မထိရောက်သည့် ချေးငွေမျိုး ဖြစ်မနေရန်လည်း လိုအပ်ကြောင်းပါ ပြောဆိုဆွေးနွေးခဲ့သည်ကိုတွေ့ရသည်။
“ လုပ်ငန်းပြီးရင် ပြီးရောဆိုပြီး ရေရှည်မကြည့်ဘဲ လွယ်လွယ်ချေးယူတဲ့ အကြွေးများမဖြစ်ပေါ်စေရေးအ တွက် အကြံပြုဖော်ပြအပ်ပါတယ်။ နှစ်ရှည်လိုငွေ ဘတ်ဂျက်အတွက် ချေးငွေဟာ ဖြေရှင်းနှစ်ခုဖြစ်ပေမယ့် ဘတ်ဂျက်သုံးစွဲမှုဟာ စီမံခန့်ခွဲမှု မှန်ကန်ဖို့ လိုအပ်ပါတယ်“ဟုပါ ဗိုလ်မှူးကြီးစိန်ဝင်းက ဆိုခဲ့သေးသည်။
ယင်းအပြင် ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းများကို ပြည်သူသိအောင် ပွင့်လင်းမြင်သာစွာချပြရန်လည်း ဗိုလ်မှူးကြီးစိန်ဝင်းက လွှတ်တော်ကို တောင်းဆိုခဲ့သည်။
“ ဝန်ကြီးဌာနနအနေနဲ့ လမ်းရဲ့အရည်အသွေးက မှီရဲ့လားသုံးတဲ့ပစ္စည်းတွေက မှန်မှန်ကန်ကန်နဲ့ ပြည့်ပြည့်၀ ၀ သုံးရဲ့လား အရည်အသွေး စစ်ဆေးရေးအဖွဲ့က သေသေချာချာ စစ်ဆေးရဲ့လား တချို့စီမံကိန်းတွေဟာ ဆောင်ရွက်ပြီးတာနဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ပျက်စီးသွားလို့ အကြီးစား ပြန်လည်ပြင်ဆင်ရတဲ့ဟာမျိုး ရှိသလို အရည်အသွေးမှီအောင် ငွေကြေးသတ်မှတ်ချက် သတ်မှတ်ပစ္စည်းများနဲ့သာ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီ စီမံကိန်းနှစ်ခုအတွက် ဘယ်လောက်ချေးတယ် ဘယ်လောက်သုံးတယ် ဘယ်လောက် ပြန်အပ်တယ်ပြန်ဆပ်ဖို့အတွက် ဘယ်နှနှစ် လျော့သွားတယ်။ လမ်းအရည်အသွေး ဘယ်လောက်ရှိတယ်ဆိုတာ ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
Ref ;ကိုမင်း/Myanmar Harp Media

0 comments:

Post a Comment