Thursday, July 2, 2020

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်၍ တင်သွင်းခဲ့သည့် အစီရင်ခံစာအပေါ် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အစိုးရ၏ ကြိုးပမ်းမှုများကို မီးမောင်းထိုးတုံ့ပြန်ပြောကြား

ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(၄၄)ကြိမ် မြောက်ပုံမှန်အစည်းအဝေး၏ ပထမနေ့ ၃၀-၆-၂၀၂၀ ရက်တွင် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် S-27/1 အရ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ နှုတ်ဖြင့် အစီရင်ခံစာတင်သွင်းမှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံနှင့် ပတ်သက်၍ တင်သွင်းခဲ့သည့် အစီရင်ခံစာအပေါ် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြားခဲ့ရာတွင် ရခိုင်ပြည်နယ်၌ ရေရှည်ငြိမ်းချမ်းတည်ငြိမ်ရေး၊ သဟဇာတရှိရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးစသည့် ရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် အစိုးရ၏ ကြိုးပမ်းမှုများအနက် အောက်ပါအဓိကအချက်များကို မီးမောင်းထိုးပြောကြားခဲ့သည်-
- မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (SDGs) များနှင့်အညီ ရေးဆွဲ ထားသည့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင် အထည်ဖော်မှု လုပ်ငန်းများပါဝင်ကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတက်ရေးအတွက် အထူးစီးပွားရေးဇုန်များကို ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကုန်စည်ပြပွဲကို ကျင်းပခဲ့ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာသင်တန်းများ ပေးလျက်ရှိကြောင်း၊
- အသိုက်အဝန်းအသီးသီးအကြား လူမှုဘဝပေါင်းစည်းညီညွတ်ရေး နှင့် သဟဇာတ ရှိရှိနေထိုင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်၌ အသိပညာပေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းပေါင်း ၂၀၀ ကျော် စီစဉ်ပေးခဲ့ ကြောင်း၊ ပြန်လည်သင့်မြတ်မှုဖော်ဆောင်နိုင်ရေးမျှော်မှန်းကာ ချစ်ကြည်ရေး စျေးရောင်းပွဲတော်များကို ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ဖွင့်လှစ်ပေးခဲ့ ကြောင်း၊ ရခိုင်ပြည်နယ်တွင် နေထိုင်သော အသိုက်အဝန်းအားလုံးမှ လူငယ်များ အကြား နားလည်မှု၊ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေး အတွက် လူငယ်လေ့ကျင့်ရေးစခန်း ၃၅ ခုကျော်ကို စီစဉ်ပေးနိုင်ခဲ့ကြောင်း၊
- ရခိုင်ပြည်နယ်ရှိ လိုအပ်သည့် ပြည်သူများအား လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လျက်ရှိကြောင်း၊ ထိခိုက်ခံစားရသည့် ပြည်သူ များထံသို့ အစိုးရ အစီအစဉ်ဖြင့် လူသားချင်းစာနာမှုအကူအညီများ ပေးသည့်နည်းတူ WFP နှင့် ICRC ကဲ့သို့ သော ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်၍ လူသားချင်းစာနာမှုအကူအညီများ ပိုမိုပေးအပ်နိုင်ရေးကြိုးပမ်း ဆောင် ရွက်လျက်ရှိကြောင်း၊
- နှစ်နိုင်ငံသဘောတူစာချုပ်များတွင် ဖော်ပြထားသည့် သတ်မှတ်ချက်များနှင့်အညီ နေရပ်ပြန်လည်လွှဲပြောင်းမှု ဆောလျင်စွာ စတင်နိုင်ရေး စိတ်ရင်းစေတနာကောင်း ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ်ပြန်လည်လွှဲပြောင်းမှုစတင်နိုင်ရေး အတွက် နှောင့်ယှက်နေသည့် အတားအဆီးပေါင်းများစွာရှိနေကြောင်း၊ သို့ရာတွင် နေရပ်ပြန်လည် လွှဲပြောင်းမှုဆိုင်ရာ သဘောတူစာချုပ်များကို အကောင်အထည် ဖော်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်လက်ထိတွေ့ ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၈ ခုနှစ် မေလမှ ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း မိမိအစီအစဉ်ဖြင့် နေရပ်စွန့်ခွာပြောင်းရွှေ့သူ ၃၅၂ ဦး ပြန်လာခဲ့ပြီးဖြစ်ကြောင်း၊ UNDP ၊ UNHCR နှင့် အာဆီယံအဖွဲ့တို့ နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း၊
- တာဝန်ခံမှု တာဝန်ယူမှုအပိုင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ကိုင်တွယ်ဖြေရှင်း ရန် စိတ်ဆန္ဒသာမက၊ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်း ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ ၏ ပြည်တွင်း တရားဥပဒေစနစ်ကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် လွတ်လပ်သောစုံစမ်းစစ်ဆေးမှုကော်မရှင် (ICOE) မှ တင်သွင်းသည့် အစီရင်ခံစာကို အခြေခံပြီး ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးနှင့် တရားစီရင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့အပြင် တပ်မတော်ကလည်း စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊
- ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို အတည်ပြုခဲ့ကြောင်း၊ ယင်းမဟာဗျူဟာတွင် ရခိုင်ပြည်နယ်ရှိ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအစီအစဉ်များပါဝင်ကြောင်း၊
- ရခိုင်ပြည်နယ်ရှိ အချို့မြို့နယ်များနှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တွင် အင်တာနက်ဝန်ဆောင်မှုများ ယာယီရပ်တန့် ထားခြင်းမှာ အေအေအဖွဲ့မှ အင်တာနက်ဝန်ဆောင်မှုများကို တလွဲအသုံးပြု၍ လူ့အသိုက်အဝန်းအဖွဲများ အကြား အမုန်းတရား လှုံ့ဆော်ခြင်းမှ ကာကွယ်ရန်နှင့် လက်လုပ်မိုင်းများ သို့မဟုတ် အဝေးထိန်း မြေမြှုပ်မိုင်းများ ချထားခြင်းကဲ့သို့ အကြမ်းဖက်အပြုအမူ များမှ တားဆီးရန်အတွက်ဖြစ်ကြောင်း၊ သို့ရာတွင် လက်ကိုင်ဖုန်းများနှင့် SMS message ပေးပို့မှုဝန်ဆောင်မှုများမှာ ပကတိအခြေအနေအတိုင်း ခွင့်ပြုထား ကြောင်း၊
ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ အမြဲတမ်းကိုယ်စားလှယ်က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကတည်းက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို စတင်ပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်ခံစားရသည့် အသိုက်အဝန်းအားလုံးအပါအဝင် မည်သူ့ကိုမျှ ချန်လှပ်မထားရေးဟူသည့် မူအပေါ်အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ ယာယီခိုလှုံရာစခန်းများ၌ ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားနိုင်ခြေများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အစိုးရသည် ယာယီခိုလှုံရာစခန်း အဟောင်း နှင့်အသစ်များတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ICRC နှင့် အတူတကွ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် အမြဲတမ်းကိုယ်စားလှယ်က ရခိုင်ပြည်နယ် အရေးကိစ္စ အပါအဝင် အမျိုးမျိုးသောကိစ္စရပ်များ ရင်ဆိုင်နေရသော် ငြားလည်း ကာလရှည်ကြာရှုပ်ထွေးသည့် ယင်း စိန်ခေါ်မှုများကို စည်းလုံးညီညွတ်မှုနှင့် မလျော့သော ကြိုးပမ်းမှုတို့ဖြင့် ကျော်လွှားနိုင်မည် ဟု ခိုင်မာစွာ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံဆီသို့ လျှောက်လှမ်းနိုင်ရေး ရေရှည်တည်တံ့သည့်အဖြေရှာဖွေမှုတွင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အဟန့်အတား ပြုလုပ်မည့်အစား စိတ်ရင်းမှန်ဖြင့် လက်ကမ်း ကူညီကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေး ကိစ္စအား နိုင်ငံရေး အရ အသုံးချမှုကို ပယ်ချကြောင်းနှင့် လူသားအားလုံး လူ့အခွင့်အရေးအပြည့်အဝ ခံစား နိုင်ရေး မိမိတို့၏ဆန္ဒနှင့် သဘောထား အမြင်ချင်းတူသည့်သူအားလုံးနှင့်အတူတကွ လက်တွဲ ဆောင်ရွက်သွားရန် ကတိကဝတ်ပြုကြောင်း ပြောကြားခဲ့သည်။
Crd : Transcom News

0 comments:

Post a Comment