Thursday, July 2, 2020

မဲပေးသူ ၇၈ ရာခိုင်နှုန်း၏ထောက်ခံမှုဖြင့် ရှရှားသမ္မတ ပူတင် ၂၀၃၆ ထိ အာဏာ ဆက်လက် ပိုင်ဆိုင်ခွင့်ရရှိမည့် အခြေခံဥပဒေ ပြင်ဆင်ရေးရေးအဆို အနိုင်ရရှိ

ရှရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ၂၀၃၆ ထိအာဏာပိုင်ဆိုင်ခွင့်ရှိမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်တစ်ရပ်ကို ရုရှားတစ်နိုင်ငံလုံးက ထောက်ခံမဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီအခြေခံဥပဒေပြင်ဆင်ချက်ဟာ ပူတင်ကို နောက်ထပ် သမ္မတသက်တမ်းနှစ်ဆက် ဝင်ရောက်ရွေးချယ်ခွင့်ကို ဥပဒေအရ တရားဝင်ပေးအပ်လိုက်တာပဲဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်းက တစ်ခဲနက်ထောက်ခံမဲပေးခဲ့ကြတယ်လို့ ဆိုပေမယ့် ဝေဖန်သူတွေကတော့ ဒီရလဒ်ဟာ လိမ်လည်မှုတစ်ခုလို့ ဝေဖန်ထောက်ပြနေကြပါတယ်။
တရားဝင်ထုတ်ပြန်ကြေညာချက်အရ မဲရလဒ် ၉၈ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာ အခုလို ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီရလဒ်ကြောင့် ယခင် ရုရှားထောက်လှမ်းရေး (ကေဂျီဘီ)အဖွဲ့ဝင်ဟောင်း ပူတင်ဟာ အသက် ၆၇ နှစ် လက်ရှိချိန်ထိ နှစ် ၂၀ ကြာ နိုင်ငံခေါင်းဆောင်ရာထူးကို ရယူထားပြီးသည့်တိုင်အောင် နောက်ထပ် ၆ နှစ် သမ္မတသက်တမ်း နှစ်ဆက်၊ ၁၂ နှစ် (၎င်းအသက် ၈၃ နှစ်ထိ) နိုင်ငံခေါင်းဆောင်ရာထူးကို ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အရ ၇၈ ရာခိုင်နှုန်းသော ရုရှားပြည်သူတွေဟာ ပူတင်နိုင်ငံခေါင်းဆောင်အဖြစ် ဆက်ရှိနေစေရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ ၂၁ ရာခိုင်နှုန်းကတော့ ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်ခေါင်းဆောင် Ella Pamfilova က မဲဆန္ဒပေးမှုဟာ ပွင့်လင်းမြင်သာမှုရှိကြောင်းနဲ့ ဒီလို ကောင်းမွန်ပွင့်လင်းတဲ့ဆန္ဒမဲပေးမှုဖြစ်စေဖို့အတွက် ကော်မရှင်အနေနဲ့ အကောင်းဆုံးဖြစ်အောင် တိတိကျကျဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အတိုက်အခံနိုင်ငံရေးသမား Alexei Navalny က​တော့ ကော်မရှင်နဲ့ ဆန့်ကျင်ဘက်​ပြောကြားခဲ့ကာ တရားမဝင်ဆန္ဒမဲလက်မှတ် အမြောက်အများရှိနေကြောင်းနဲ့ ဆန္ဒမဲပေးပုံကို တရားမဝင်ပေးလို့ရတဲ့ပုံစံဖြစ်အောင် ဆောင်ရွက်ခဲ့ပြီး ပူတင်ဘဝသက်တမ်းပြည့် တိုင်းပြည်ခေါင်းဆောင်ရာထူးကို ရရှိစေဖို့ ‌‌လုပ်‌ဆောင်ခဲ့ကြတာလို့ ဝေဖန်ခဲ့ပါတယ်။
" ကျွန်တော်တို့ကတော့ ဒီမဲရလဒ်ကို လုံးဝအသိအမှတ်မပြုဘူး" လို့ Navalny က ၎င်းအပေါ် ထောက်ခံသူတွေကို ဗီဒီယိုကနေတစ်ဆင့် အသိပေးစကားပြောကြားခဲ့ပါတယ်။
ကိုဗစ် ကပ်ရောဂါကာလဖြစ်တဲ့အတွက် အတိုက်အခံတွေအနေနဲ့ ဒီမဲရလဒ်အပေါ် ဆန့်ကျင်ကြောင်း လတ်တလောမှာ ဆန္ဒဖော်ထုတ်သွားမှာမဟုတ်ပေမယ့် ကပ်ရောဂါပြီးရင်တော့ လမ်းပေါ်ထွက်ကြမှာပါလို့ ဆိုပါတယ်။
" ပူတင်အကြောက်ဆုံးက လမ်းမပေါ်က လူတွေကိုပါ။ သူက လူဦးရေ သိန်းပေါင်းများစွာ၊ သန်းပေါင်းများစွာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်မှသာ သူ့နေရာက အသာတကြည်ထွက်သွားမှာပါ" လို့ ၎င်းက ပြောပါတယ်။

Source : Myanmar Harp

0 comments:

Post a Comment