Thursday, July 2, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့မှုနှင့်ပတ်သက်၍ မြန်မာသံရုံး တိုကျိုမှ သတင်းထုတ်ပြန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. MOTEGI Toshimitsu နှင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်၊ မွန်းလွဲ ၁၃၃၀ နာရီ (ဂျပန်စံတော်ချိန် ၁၆၀၀ နာရီ) တွင် (၂၀) မိနစ်ခန့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပါသည်။
ယင်းသို့ တယ်လီဖုန်းဖြင့် ပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာ နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် ဂျပန်နိုင်ငံ၊ အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်းတို့မှ ပူးပေါင်းပါဝင်လျက် ထိရောက်စွာ ပံ့ပိုးကူညီပေးနေသည့် အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးမှလည်း ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့်အတူရပ်တည်လျက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။
ဆက်လက်၍၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကော်ရိုနာဗိုင်းရတ်စ်ရောဂါ တားဆီးကာကွယ်ရေးအစီအမံများကို ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ မေတ္တာရပ်ခံချက်အရ Avigan tablets များနှင့် ဆေးပစ္စည်းများ ကို ပံ့ပိုး ကူညီပေးခဲ့ပါကြောင်း ပြောကြားခဲ့ရာ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကျေးဇူးတင်ရှိ ပါကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး က ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတော်အစိုးရ၏ မြေပြင်တွင် လတ်တလော ဖြစ်ပေါ်တိုးတက်မှု များနှင့် အခြေအနေများ တိုးတက်မှုရရှိရန် ကြိုးပမ်း ဆောင်ရွက်နေမှုများကို အပြည့်အဝ ပံ့ပိုး ပေးသွားမည် ဖြစ်ပါကြောင်း၊ လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များကို အခြေခံ၍ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားရန် တိုက်တွန်းလို ပါကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံးမှ ချမှတ်ထားသည့် provisional measures များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားစေလိုပါကြောင်းအကြံပြု ပြောကြားပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဂျပန်နိုင်ငံ၏ နားလည်မှုကို အလေးထားပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အထက်ပါကိစ္စများကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန် လည်ပြောကြားခဲ့ပါသည်။
ထို့အပြင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့သည် ကော်ရိုနာဗိုင်းရတ်စ် ဖြစ်ပွားနေမှုအခြေအနေကို သုံးသပ်လျက် သင့်လျော်သည့်အချိန်တွင် နှစ်နိုင်ငံအကြား အပြန်အလှန်သွားလာမှု (Cross border travel) ပြန်လည်စတင်နိုင်ရေးအတွက် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန်လည်း တူညီသည့်အမြင် ရှိကြပါသည်။
မြန်မာသံရုံး
တိုကျိုမြို့
၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်။

0 comments:

Post a Comment