Friday, July 3, 2020

ရေကြည်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင် ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

ရေကြည်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်(ယခု ပုသိမ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန)ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်းသိရသည်။
ကော်မရှင်က ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကျေးရွာအုပ်စု (၅)အုပ်စုမှ တောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးရာတွင် တောင်သူများထံမှ ငွေကြေးတောင်းခံခြင်း၊ လယ်ယာမြေ အခြားနည်းဖြင့် အသုံးပြု ခွင့်လျှောက်ထားခြင်းနှင့် စိုက်ပျိုးရေးဘဏ်မှ ချေးငွေထုတ်ယူခြင်း တို့အတွက် ငွေကြေး တောင်းခံရယူ၍ အဂတိ လိုက်စားနေသည့် ရေကြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးဌာနမှူးအား အရေးယူပေးပါရန် တိုင်ကြားခဲ့သည့်အတွက် အရေးယူခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်(ယခု ပုသိမ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန)သည် လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးရာတွင် လယ်ယာမြေလုပ်ကိုင် ခွင့်ပြုလက်မှတ်ရရှိသူ တောင်သူ (၁၇)ဦးထံမှ စုစုပေါင်း ငွေကျပ်(၆)သိန်း၊ လယ်ယာမြေအခြားနည်းဖြင့်သုံးစွဲခွင့်လျှောက်ထားသူ တောင်သူ (၅)ဦးထံမှ ငွေကျပ် ၁,၁၅၀,၀၀၀/- ကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့မရဲစခန်းတွင် ၃-၇-၂၀၂၀ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
Ref ; Myanmar Harp Media

0 comments:

Post a Comment