မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်ရှိ နယ်ခြားမြိုင်တောရတစ်ပါးကျောင်းမှာ ဇူလိုင် ၂၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်လောက် မြေကျွံကျမှုဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီမြေကျွံကျခဲ့ တဲ့ဘုန်းတော်ကြီးကျောင်းဟာ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်ပိုင်းရှိ ကုလားမတောင် ၏အမြင့်ပေ ၅၀ လောက်မှာတည်ရှိပြီး၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်နေ့ကတောင်မြေပြိုကျမှုကြောင့်ကျောင်း အောက်ခြေရှိ မြေသားတွေ အက်ကွဲထားဖူးတယ်လို့ နယ်ခြားမြိုင်တောရတစ်ပါးကျောင်းဆရာတော် ဥူးအိန္ဒာစာရက မိန့်ပါတယ်။
“မနှစ်က ပြိုထား တဲ့လက်ကျန်အက်ကြောင်းကနေပြီး တုန်ခါမှုလေးနဲ့ပြိုကျတာပေါ့။ ဒီအနားက ကျောက်မိုင်းကလည်း ညနေပိုင်း ပုံမှန်ယမ်းခွဲနေတာရှိတယ်။ ဦးဇင်း ဒီကျောင်းမှာ သီတင်းသုံးနေထိုင်နေတာ ၁၁ နှစ်ကျော်ပါပြီ။ မနှစ်ကတည်းက ကျောင်းမြေကြီးတွေအက်ကွဲ ထားတာရှိလို့ မနေရဲတော့ဘဲ တောင်အောက်မှာတဲထိုးပြီး သီတင်းသုံးနေတာပါ။ အခုမြို့နယ်အဆင့်က လူကြီးတွေတော့လာကြည့်သွားတယ်။”
ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က “ဘုန်းကြီးကျောင်းကတော့ သာသနာ့မြေထဲကကျောင်းပါ။ အဲ့ဒီတောင်ပေါ်မှာကလည်း ကျောက်တွေက ဒေါင်လိုက်ကျောက်တွေဖြစ်နေတော့ ကျောက်ချပ်ကြားထဲကနေ မြေတွေထွက်လာတဲ့သဘောပါ။ ကျောင်းကို ဖျက်ဖို့ဆိုတာကလည်း အန္တရာယ်များပါတယ်။ တောင်အောက်ခြေ မှာကလည်း ကျောက်မိုင်းလုပ်သားမိသားစုတွေ နေထိုင်ကြတာရှိတယ်။ လူဦးရေ ၄၀ လောက်နေထိုင်တဲ့ နေအိမ်တဲ ၈ လုံးကိုလည်း ဒီနေရာကနေ အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ အသိပေးအကြောင်းကြားသွားမယ်။” လို့ပြောပါတယ်။
တောရတစ်ပါးကျောင်းမှာ မြေထပ်မံပြိုဆင်းနိုင်တဲ့ အနေအထားရှိနေတာကြောင့် တောင်ခြေအောက်ပိုင်းကို ရှင်းလင်းမှုတွေပြုလုပ်သွားမှာဖြစ်ပြီး အနီးရှိ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းကိုလည်း လုပ်ငန်းလိုင်စင်သက် တမ်းတိုးဆောင်ရွက်ဖို့ ထောက်ခံချက်ကို ခွင့်ပြုပေးမှာမဟုတ်ဘူးလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးက သိရပါတယ်။
Ref ; DVB
0 comments:
Post a Comment