Friday, July 3, 2020

ဖားကန့် မြေပြိုမှု သေဆုံးသူ ၁၇၂ ဦး အထိ မြင့်တက်လာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရပ်ကွက် (၆)၊ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည် ကုမ္ပဏီ (ဒေသအခေါ် တစ်သုံးလုံး ကုမ္ပဏီ)ရဲ့ မိုးရာသီ ကာလ ရပ်နားထားတဲ့ လုပ်ကွက်မှာ ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက ကျင်းကမ်းပါး မြေပြိုမှုဖြစ်ပွားခဲ့ပြီး အဲဒီမှာ ရေမဆေးကျောက် ရှာဖွေနေသူ ၂၀၀ ဝန်းကျင်ဟာ နွံလှိုင်းရိုက် နွံနစ်မျောပါခဲ့ကြပါတယ်။
ကူညီကယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ဇူလိုင် ၃ ရက် နေ့ခင်းပိုင်း ထုတ်ပြန်ချက်အရ အလောင်း ၁၇၂ လောင်းကို ရှာဖွေ တွေ့ရှိထားပြီး ဒဏ်ရာ ရသူ ၅၄ ဦးကို ဖားကန့်ဆေးရုံနဲ့ ဝှေခါ တိုက်နယ် ဆေးရုံ ကို ပို့ဆောင် ထားတယ် ဆိုပါတယ်။
ဝှေခါမှာ အလောင်း ၁၇၀ ကျော် ကို သင်္ဂြိုဟ်ဖို့ အဖွဲ့အစည်း ပေါင်းစုံက လုပ်ဆောင်နေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးဖြစ်သူ ဆိပ်မူအုပ်စု NLD ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောပါတယ်။ မိုးကတော့ ဆက်ရွာသွန်းနေပြီး နောက်ထပ် ရေအိုင်ထဲမှာ အလောင်းတွေ ထပ်ပေါ် နိုင်သလား ဆိုတာလည်း စောင့်ကြည့်နေပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။
Ref ; CHIN - Media

0 comments:

Post a Comment