Monday, July 27, 2020

သံဃမဟာနာယကအဖွဲ့သို့ သာသနာရေးဆိုင်ရာအရေးကြီးအချက်များအား သာသနာရေးဝန်ကြီးလျှောက်ထား

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေး ပထမနေ့ကို ဇူလိုင်လ(၂၆)ရက်က ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတော်ကြီးမှာ ကျင်းပခဲ့ရာမှာ လတ်တလော သာသနာရေးဆိုင်ရာ အရေးကြီးအ ချက်(၅)ချက်ကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သံဃမဟာနာယကအဖွဲ့ကို လျှောက်ထားခဲ့ပါတယ်။
ပထမအချက်အနေနဲ့ သာသနာကို ပျက်စီးပျောက်ကွယ် သွားစေလိုသူတွေက ပိဋကတ်တော်နဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ် အယူအဆ၊ အဓမ္မဝါဒတွေကို ဟောပြောတာ၊ ပြသတာ၊ ထုတ်ဝေဖြန့်ချီတာနဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ လွှင့်တင်တာတွေကို ပြုလုပ်နေကြတယ်လို့ လျှောက်ထားခဲ့ပါတယ်။ အဲဒီကိစ္စတွေကို သံဃာအဖွဲ့အစည်း အဆင့်ဆင့်နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ ၊ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေ ပူးပေါင်းကာကွယ်ကြဖို့ လျှောက်ထားခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ စိန္တာမုနိမင်းဝင်တောင် စေတီတော်ပရိဝုဏ်အတွင်း လောကီအကျိုးစီးပွားအတွက် ဗေဒင်ယတြာ အစီအမံတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ ကြည်ညိုဖွယ်မဆောင်တဲ့ ရုပ်ပွားတော်(၁၀၉)ဆူကို ဖယ်ရှားရှင်းလင်းခဲ့ရပြီး ဒေသနာတော်နဲ့ ကိုက်ညီတဲ့ ရုပ်ပွားဆင်းတုတော်တွေနဲ့ အစားထိုး ပူဇော်ခဲ့ရကြောင်းကို လျှောက်ထားခဲ့ပါတယ်။
ဗုဒ္ဓရုပ်ပွား ဆင်းတုတော် တွေကို ထုလုပ်ပူဇော်ခဲ့ကြတဲ့အခါမှာ ထေရဝါဒ ပိဋကတ်တော်က ဒေသနာတွေနဲ့ ကိုက်ညီတဲ့ ဆင်းတုတွေ ထုလုပ်ပူဇော်ကြစေရေးအတွက် ဩဝါဒပေးတော်မူဖို့ လျှောက်ထားခဲ့ ပါတယ်။ တတိယအချက်အနေနဲ့ သံဃာအချင်းချင်း အငြင်းပွားကြတဲ့ ဝိနိစ္ဆရေးရာ မှုခင်းတွေကို စစ်ဆေးဆောင်ရွက်ကြတဲ့ အခါမှာ အဂတိလေးပါး ကင်းကင်းနဲ့ စစ်ဆေးဆုံးဖြတ်ကြပြီး အကြိမ် ကြိမ် ပြင်ဆင် ဆုံးဖြတ်တာတွေ မလုပ်ကြဖို့ကို လျှောက်ထားခဲ့ပါတယ်။ စတုတ္ထအချက်အနေနဲ့ ကြည်ညိုဖွယ် မဆောင်တဲ့ အမှုကိစ္စတွေကို ကျူးလွန်သူ ရဟန်း၊ သာမဏေ၊ သီလရှင်တွေကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာသာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တွေနဲ့ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ဖို့ကိုလည်း လျှောက်ထားခဲ့ ပါတယ်။
ပဉ္စမအချက်အနေနဲ့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တွေ ချီးမြှင့်တဲ့အခါမှာ ဘွဲ့တံ ဆိပ်အလိုက် ဂုဏ်အင်္ဂါအရည်အချင်းတွေ သတ်မှတ်ပြဋ္ဌာန်းထားတာတွေရှိပြီး သတ်မှတ်ချက်တစ်ခုဖြစ်တဲ့ ရှင်သာမဏေအပါး ၅၀၊၁၀၀၊၂၀၀၊၃၀၀နဲ့ အထက်ကို တစ်ဦးတည်း ဒါယကာခံပြီး ရှင်ပြုပေးရမယ်ဆိုတဲ့ အချက်ဟာ ကိုဗစ်(၁၉)ရောဂါ ဖြစ်နေတဲ့ ကာလဖြစ်တာကြောင့် အဲသလိုရှင်ပြုပေးရာမှာ ကုန်ကျမယ့်ငွေကို ပရိယတ္တိ စာသင်သားတွေအတွက် ပညာရေးပဒေသာပင်တွေ စိုက်ထူလှူဒါန်းပေးတဲ့ စနစ်နဲ့ ပြောင်းလဲအ လှူခံဆောင်ရွက်သွားဖို့ကိစ္စကို ခွင့်ပြုပေးဖို့ လျှောက်ထားခဲ့ ပါတယ်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးကို နောက်နေ့တွေမှာ ဆက်လက် ကျင်းပမယ့် သွားမယ်လို့လည်း သိရပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment