Wednesday, July 29, 2020

အဝေးဖတ်ကိရိယာဖြစ်သော (HHU) နှင့် ဖတ်ရှုမှတ်တမ်းတင်သော Smart Meter များတပ်ဆင်ကာ မီတာဖတ်စာရေးများ၏ လွဲမှားမှုမျာအား ကုစားရန်ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ပြောကြား

မီတာဖတ်စာရေးများ၏ လွဲမှားမှုများကြောင့် ဖြစ်ပေါ်လာသည့်အမှားများကို ပယ်ဖျက်နိုင်ရန် Smart Meter များ ဝယ်ယူရေးအတွက် ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောကြားသည်။
ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၏ ပြည်သူများသုံးစွဲခဲ့သည့် လျှပ်စစ်မီတာများ တိကျစေရန်နှင့် မီတာဖတ်စာရေးများ မှန်မှန်ကန်ကန်ဖတ်ပြီး စာရင်းရေးသွင်းနိုင်စေရန် မီတာယူနစ်များကို ပြည်သူများ လွယ်လွယ်ကူကူ သိရှိစေရန်အတွက် မီတာစနစ်များနှင့် မီတာဖတ်စာရေးများကို မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ အဝေးဖတ်ကိရိယာဖြစ်တဲ့ (HHU) နဲ့ ဖတ်ရှုမှတ်တမ်းတင်ရတဲ့ Smart Meter များ ပိုမိုကျယ်ပြန့်စွာ ဝယ်ယူတပ်ဆင်နိုင်ရေးအတွက်ကိုလည်းပဲ Meter Specification များလည်း ရေးဆွဲပြီးဖြစ်ပါတယ်။ တစ်ရက်လျှင် HHU ကို သုံးပြီးတော့ မီတာအလုံး ၃၀၀၀ လောက်ကို အလိုအလျောက် ဖတ်ရှုမှတ်တမ်းတင်နိုင်တဲ့အတွက်ကြောင့် မီတာဖတ်စာရေးများရဲ့ လွဲမှားမှုများကြောင့် ဖြစ်ပေါ်လာတဲ့ အမှားများကိုလည်း ပယ်ဖျက်နိုင်မှာဖြစ်ပါတယ်။ Smart Meter များ ဝယ်ယူရေးအတွက် ခွင့်ပြုဝယ်ယူရေး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ Smart Meter များ မပြည့်စုံသေးတဲ့အချိန်မှာတော့ မီတာစာရေးများကိုတော့ လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သလို တိုးမြှင့်ခန့်ထားပြီးတော့ စနစ်တကျ ဖတ်ရှုဖို့အတွက်ကိုလည်းပဲ ဌာနက ကြီးကြပ်ဆောင်ရွက်လျက် ရှိနေပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
လူကိုယ်တိုင်ဖတ် မီတာများအတွက် မီတာစာရေးတစ်ဦးလျှင် မီတာအလုံး ၈၀၀ ဖတ်ရှုရန် တာဝန်ပေးထားကြောင်း၊ လူကိုယ်တိုင်ဖတ်ရှုပြီး ယူနစ်အခြေအနေကို မီးသုံးစွဲပြည်သူများအား အသိပေးပြသရန် မှာကြားထားပြီး ပြည်သူများမှ မေးမြန်းချက်များရှိပါက ချက်ချင်းရှင်းလင်း ဖြေကြားပေးရန်ကိုလည်း ညွှန်ကြားထားကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။
“ တစ်လအတွင်းမှာ လျှပ်စစ်သုံးစွဲတဲ့ မီတာများကို ဖတ်ယူတဲ့အခါမှာ ပုံစံသုံးမျိုးအနက် တစ်မျိုးမျိုးနဲ့တော့ မှတ်တမ်းတင်ကောက်လျက်ရှိပါတယ်။ ပထမပုံစံကတော့ လူကိုယ်တိုင် မီတာတစ်လုံးစီ မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်။ အဝေးဖတ်ကိရိယာဖြစ်တဲ့ Hand Held Unit (HHU) ဖြင့် အလိုအလျောက် ဖတ်ယူတဲ့ မှတ်တမ်းတင်တဲ့စနစ် ဖြစ်ပါတယ်။ တတိယတစ်ခုကတော့ ဌာနရဲ့ ထိန်းချုပ်ခန်းမှာရှိတဲ့ ကွန်ပျူတာစနစ်က နေပြီးတော့ တစ်မြို့နယ်လုံးမှာရှိတဲ့ ကွန်ပျူတာကို အချိန်တိုအတွင်းထဲမှာ အားလုံးဖတ်ရှုစနစ်ဆိုပြီး သုံးမျိုးနဲ့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
ဌာန၏ထိန်းချုပ်ခန်းမှ တစ်မြို့နယ်လုံးရှိ မီတာအားလုံးကို အချိန်တိုအတွင်း မီတာ ဖတ်ရှုနိုင်သော Advanced Metering Infrastructure (AMI) စနစ်သည် မိမိသုံးစွဲနေသော လက်ကိုင်စမတ်ဖုန်းများဖြင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေကို အချိန်မရွေး ကြည့်ရှုနိုင်သဖြင့် ပြည်သူများ လွယ်လွယ်ကူကူ သိရှိနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ ပန်းဘဲတန်း၊ ဒေါပုံနှင့် တောင်ဥက္ကလာပမြို့နယ်များတွင် စမ်းသပ်အသုံးပြုနေသဖြင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပြီး လူကြောင့်ဖြစ်ပေါ်သောအများကို ပပျောက်စေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
“ လတ်တလောမှာ AMI စနစ် မတပ်ဆင်နိုင်သေးခင် မီတာစာရွက် လက်ခံရရှိပါက မီးသုံးယူနစ်အပေါ် သံသယဖြစ်ပေါ်လာပါက သက်ဆိုင်ရာမြို့နယ်ရုံးများကို ဆက်သွယ်ပြီးတော့ စစ်ဆေးပေးရန် အကြောင်းကြားပါက သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးလာရောက် စစ်ဆေးဖြေရှင်းပေးလျက် ရှိနေပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
ပြည်သူ့အများသုံးစွဲခဲ့သည့် လျှပ်စစ်မီတာများ တိကျစေရန်အတွက် Smart Meter များတပ်ဆင်၍ HHU ကိရိယာဖြင့် အချိန်တိုအတွင်း လျင်မြန်စွာ ဖတ်ရှုမှတ်တမ်းတင်နိုင်ရန် ဆက်လက်ပြီး AMI စနစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်ဆင့်ခွဲ၍ တပ်ဆင်အသုံးပြုနိုင်ရန်နှင့် မီတာဖတ်စာရေးများ လျှော့ချ၍ လူကြောင့် ဖြစ်ပေါ်နေသည့် အားနည်းချက်များ လျော့နည်းပပျောက်စေရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
Crd : eleven

0 comments:

Post a Comment