Friday, July 3, 2020

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဘဲ အနားယူတော့မည်ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရန်ကုန်ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်တော့မည်မဟုတ်ဘဲ အနားယူမည်ဖြစ်ကြောင်း NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဥက္ကဋ္ဌ (၂) မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ဇူလိုင် ၂ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC) အစည်းအဝေးအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဦးဖြိုးမင်းသိန်း အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိ မရှိနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
“သူက ရန်ကုန်တိုင်းကနေ ရွေးကောက်ပွဲ မဝင်တော့ဘူး ဆိုလိုက်တော့ တခြားဟာလည်း ဒီနေ့ ၂၀၂၀ ရွေးကောက်ပွဲမှာ သူမပါပါဘူးလို့ သူပြောပြီးသွားပြီ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရွေးကောက်ပွဲ မဝင်ခြင်းသည် မည်သည့်အကြောင်းကြောင့်နည်းဟု မေးမြန်းမှုကို ဒေါက်တာဇော်မြင့်မောင်က “ကျွန်တော်တို့ သူ့ကျန်းမာရေးကလည်း သူကနဂိုကတည်းကိုက Heart ဟိုဟာ အားနည်ချက်ရှိတယ်။ နောက်ပြီးတော့ ဒီလုပ်ငန်းက တော်တော် Stress များပါတယ်။ ကျွန်တော်တို့လည်း Stress များပါတယ်။ အဲတော့ သူအနားယူချင်တယ်ဆိုတော့ ကျွန်တော့်ကိုပြောတာ ကြာပါပြီ။ အဲတော့ အခုဟာကတော့ တရားဝင် ဖြစ်သွားတာပေါ့” ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဖြိုးမင်းသိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိ ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
Crd : Eleven

0 comments:

Post a Comment