Monday, July 27, 2020

မြို့နယ်ရွေးချယ်ပေးသော ကိုယ်စားလှယ်လောင်းကို ပယ်ချသောကြောင့် NLD နေပြည်တော်ရုံးကို လာရောက်တင်ပြ

ရှမ်းပြည်နယ်တောင်းပိုင်း၊ ရပ်စောက်မြို့နယ်မှ ဒေသခံအချို့က ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် မြို့နယ်က ရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်လောင်းကို ပယ်ချသောကြောင့် နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီယာယီဌာနချုပ်သို့ လာရောက်တင်ပြခဲ့ကြောင်း သိရသည်။
“ပါတီကိုယုံကြည်တယ်၊ လူကိုလည်းယုံကြည်ထားတယ်။ အခု ၂၀၂၀ ကနေပြီးတော့ ပြန်ရွေးချယ်ဖို့အတွက် အသစ်ပြန်လုပ်လိုက်တဲ့နေရာမှာ လူမကြားဖူးဘူး၊ အဲ့ဒီလူကလည်း ကျွန်တော်တို့အရပ်ဒေသ တိုင်းရင်းသားရွာတွေ ဘယ်ရွာမှမရောက်ဖူးဘူး။ အဲ့ဒီတော့အရင်လူရွေးမလား၊ နောက်လူရွေးမလား၊ အရင်လူယုံကြည်ရမှာလား၊ နောက်လူယုံကြည်ရမှာလားဆိုတော့ အရင်လူကယုံကြည်ပြီးသား၊ နောက်လူက အခုမှဆက်ဆံရတဲ့အသစ်”ဟု ရပ်စောက်မြို့နယ်ပါတီ အလုပ်အမှုဆောင် ဦးခွန်မောင်စိုးက ဆိုသည်။
ပါတီဌာနချုပ်သို့ ဇူလိုင်လ ၂၇ ရက်က ရောက်ရှိလာပြီး ပါတီလူကြီးများနှင့် တွေ့ခွင့်ရပါက တွေ့ဆုံစကား ပြောမည်ဖြစ်ပြီး တွေ့ခွင့်မရပါက စာဖြင့်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD က ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် ရပ်မိရပ်ဖ ကိုယ်စား လှယ် ငါးဦး၊ မြို့နယ်ပါတီအလုပ်အမှုဆောင်အဖွဲ့များဖြင့် ရွေးချယ်ပြီး မြို့နယ်မှတဆင့် တိုင်း/ပြည်နယ်၊ ဗဟိုသို့ အဆင့်ဆင့်တင်ပြရခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်ပြောချင်တာက ဘာဖြစ်လို့ ရပ်မိရပ်ဖရွေးနေသေးတုန်း၊ အောက်ခြေမှာ ကျွန်တော်တို့အလုပ်အမှု ဆောင်တွေ ဘာဖြစ်လို့ရွေးနေသေးတုန်း ကဲရွေးချယ်ခံချင်တဲ့ပုဂ္ဂိုလ်တွေ တင်လိုက်။ ဗဟိုကရွေးမယ်ဆိုရင် ဒါပြီးသွားတဲ့ကိစ္စ။ အခုက ကျွန်တော်တို့အလုပ်တွေအများကြီးပျက်တယ်ဗျာ။ အလုပ်ပျက်ပြီးတော့ လူမှန်နေရာမှန်မဟုတ်ဘူးဗျာ”ဟု ဦးခွန်မောင်စိုးက ပြောသည်။
ရပ်စောက်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းကို လက်ရှိတာဝန်ထမ်းဆောင်နေသော လွှတ်တော်ကိုယ်စားလှယ်အား မြို့နယ်မှရွေးချယ်ပေးလိုက်သောလည်း ပါတီဗဟိုမှပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref ; MyanmaPlatform

0 comments:

Post a Comment