Thursday, July 2, 2020

Peninsula Plazaတွင် တရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်မှုဖြင့် မြန်မာငွေလွှဲဆိုင် ၆ ဆိုင်ကို စင်ကာပူရဲတပ်ဖွဲ့ဝင်ရောက်ဖမ်းဆီး

မြန်မာပလာဇာဟု လူသိများသည့် စင်ကာပူနိုင်ငံ၊ ပင်နီဆူလာပလာဇာတွင် လိုင်စင်မရှိဘဲ ပြည်ပသို့ တရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာဆိုင် ၆ ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကာ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူရဲက သတင်းထုတ်ပြန်လိုက်သည်။
ထိုသို့ စုံစမ်းစစ်ဆေးခြင်းကို စင်ကာပူ ရာဇဝတ်မှုစုံစမ်းရေးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာန၊ ဗဟိုရဲတပ်ဖွဲ့နှင့် အလုပ်သမား ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဇွန်လ ၂၈ ရက်နေ့တွင် ပင်နီဆူလာပလာဇာ၌ စတင်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့သည် အဆိုပါ ဆိုင် ၆ ဆိုင်မှ ပြည်ပသို့ တရားမဝင်ငွေလွှဲဆောင်ရွက်နေသည့် စင်ကာပူငွေ ဒေါ်လာ ၄၆၀,၀၀၀ ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ထိုဆိုင်များမှ ကွန်ပျူတာနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းယူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် စင်ကာပူနိုင်ငံတွင်း ဆောင်ရွက်သည့် မည်သည့်လုပ်ငန်းမဆို စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြည်ပသို့ငွေလွှဲ လုပ်ငန်းဆောင်ရွက်ခြင်းသည် တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ဥပဒေသည် ယခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှသာ စတင်အသက်ဝင်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ထိုဥပဒေကို ချိုးဖောက်ပါက ကျူးလွန်သူသည် ဒဏ်ငွေ ၁၂၅,၀၀၀ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးခံရနိုင်သလို ဒဏ်ငွေနှင့် ထောင်ဒဏ်နှစ်ရပ်လုံးကိုလည်း ကျခံနိုင်ရကြောင်း သိရသည်။
ရဲတပ်ဖွဲ့အနေဖြင့် မည်သည့် နယ်စပ်ဖြတ်ကျော် ငွေလွှဲလုပ်ငန်းဆောင်ရွက်နေသည့် တစ်သီးပုဂ္ဂလ သို့မဟုတ် အဖွဲ့ကိုမဆို အရေးယူရန်တွန့်ဆုတ်နေမည်မဟုတ်ကြောင်း၊ အထူးသဖြင့် ထိုသို့သောလုပ်ငန်းများမှတစ်ဆင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့ခြင်းကို ဆောင်ရွက်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း စင်ကာပူရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
Crd : Myanmar Harp

0 comments:

Post a Comment