လူနာသေဆုံးအရေအတွက် လျှော့ကျရေး မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် ဆေးရုံတင်ကုသမှုခံယူနေသည့် Covid-19 ရောဂါဝေဒနာရှင်များအား ကုသပေးလျှက်ရှိသည့် ဆေးဝါးများအနက် ၂ မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ရုတ်သိမ်းစေလိုက်သည်ဟု Reuters သတင်းအား Dhaka Tribune က ဖော်ပြသည်။
စနေနေ့တွင် WHO က ဖယ်ရှားလိုက်သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသဆေးများ၌ ငှက်ဖျားရောဂါကုဆေးအဖြစ် လူသိများသည့် hydroxychloroquine ဟိုက်ဒရောက်ဆီကရိုလိုကွင်းနှင့် Lopinavir / Ritonavir ကဲ့သို့ AIDS ခုခံအားကျဆင်းရောဂါကု ကွင်းဆက်ပေါင်းစပ်ဆေးဝါးတို့ ပါဝင်ကြောင်း သိရှိရသည်။
တတ်နိုင်သရွေ့ အမြန်ဆုံးလိုက်နာရန် WHO ၏ ညွှန်ကြားချက်ထွက်ပေါ်လာချိန်သည် ကမ္ဘာတစ်ဝှမ်းလုံး၌ ၂၄-နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂-သိန်းကျော်ကို ထပ်မံတွေ့ရှိနေရချိန်နှင့် တိုက်ဆိုင်လျှက်ရှိသည်။ အမေရိကန်သည် သောကြာနေ့ ၁-ရက်တည်း၌ ကူးစက်ခံရသူ ၅-သောင်း ၃-ထောင်ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း၊ အဆိုပါဆေးဝါးတို့ဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသရာတွင် သေဆုံးမှုလျော့ကျစေရန် အနည်းငယ် သို့မဟုတ် လုံးဝထိရောက်မှု မရှိသည်ကို အေဂျင်စီဦးဆောင်သည့် နိုင်ငံတကာလေ့လာတွေ့ရှိချက်များက ညွှန်ပြနေသည်ဟု WHO က ပြောဆိုသည်။
ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့အမြင့်ဆုံးအဖွဲ့ကြီး၏ ယခုဆုံးဖြတ်ချက်သည် နိုင်ငံတကာ ကျန်းမာရေးဦးဆောင်ကော်မတီများ၏ ထောက်ခံချက်အရ ဆုံးဖြတ်ခြင်းဖြစ်သော်လည်း အဆိုပါဆေးဝါးများကို ဆေးရုံ မတင်သည့် လူနာများအတွက်နှင့် ရောဂါကာကွယ်ရေး စမ်းသပ်ကုသရာ၌ ပါဝင်ခြင်းမရှိဟု ဆို၏။
WHO ဦးဆောင်သည့် ဋ္ဌာနခွဲ ၅-ခုတို့သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသရာ၌ အဆိုပါဆေးဝါးများအပါအဝင် ဂီးလဒ်ဆေးဝါးကုမ္ပဏီထုတ် Remdesivir ( ရမ်ဒက်ဆီဗာ- ရမ်ဒီဆီဗီယာ ) ဗိုင်းရပ်စ်နှိမ်နင်းရေးဆေးနှင့် အခြားဆေးဝါးများ၏ အကျိုးသက်ရောက်မှုကို စောင့်ကြည့်ခဲ့ကြခြင်းဖြစ်သည်။
သောကြာနေ့၌ ဥရောပကော်မရှင်ကမူ Remdesivir ဆေးဝါးကို လူနာပြန်လည်နလံထူစေရေး အချိန်တိုတောင်းစေရန် ခြွင်းချက်ဖြင့် ခွင့်ပြုခဲ့သည်။ လောလောဆယ် နိုင်ငံတကာတွင် Covid-19 ကာကွယ်ဆေး ၁၈-မျိုးကို လူသားများနှင့် စမ်းသပ်ဆဲဖြစ်ပြီး ကုထုံး ၁၅၀ ခန့်ကို တိုးတက်အသုံးပြုနေဆဲဖြစ်သည်။
ယခုနှစ်ကုန်ပိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး၏ ထိရောက်မှုကို ပြသနိုင်ရန် ကမ္ဘာ့ဆေးဝါးထုတ်လုပ်သူများက အသည်းအသန် ကြိုးစားလျှက်ရှိစဉ် ဆေးဝါးအလုံအလောက်ထုတ်လုပ်နိုင်ရန်မှာလည်း လူအများ စိတ်ပါဝင်စားဆုံးဖြစ်လျှက်ရှိသည်။
သို့သော် မည်သည့်အချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး အဆင်သင့်ဖြစ်မည်ကို ခန့်မှန်းခြင်းမှာ ပညာမဲ့ရာကျကြောင်း WHO ၏ ထိပ်တန်းပုဂ္ဂိုလ် အရေးပေါ်ဆေးဝါးကျွမ်းကျင်သူ မိုက်ခ်ယန်က ပြောဆိုသည်။
(( သေကောင်ပေါင်းလဲ ရောဂါ-ဝေဒနာ ခံစားရသော်လည်း ဆေးဝါးအဆင်သင့် တီထွင်ဖန်တီးထားခြင်း မရှိသေးသည့်အခါ မည်သည့်အချိန်တွင် ကာကွယ်ဆေး/ကုသဆေး ရရှိနိုင်မည်ကို ခန့်မှန်းကြခြင်းမှာ လူ့သဘာဝ ဖြစ်ပါလိမ့်မည်။
Covid-19 ကူးစက်ကပ်ရောဂါသည် နိုင်ငံတကာတွင် ဖိစီးနှိပ်စက်လျှက်ရှိပြီး နေ့စဉ် ကူးစက်ခံရသူ ထောင်ချီရှိနေယုံမက လူရာပေါင်းများစွာ သေဆုံးလျှက်ရှိနေဆဲဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် အဆုတ်နာ တီဘီရောဂါ၊ ခုခံအားကျဆင်းရောဂါစု AIDS တို့ကဲ့သို့ ကျွန်တော်များ လူ့အဖွဲ့အစည်းကြီးနှင့် အချိန်အတော်ကြာ ဒွန်တွဲနေသွားဖွယ်ရှိနေကြောင်း၊ ထိရောက်သည့် ကာကွယ်ဆေး - ကုသဆေး မပေါ်ပေါက်မီ ၂-နှစ် ၃-နှစ်ခန့် အထိ ကူးစက်-သေဆုံးနေမည်ဖြစ်ကြောင်း၊ ကုသဆေးထက် ကာကွယ်ဆေးကို အရင်ဆုံးဖော်စပ်နိုင်ဖွယ်ရှိကြောင်း ဆေးသိပ္ပံပညာရှင်များက ခန့်မှန်းပြောဆိုလျှက်ရှိသည်။
သို့သော် ကျွန်တော့်အနေဖြင့်မူ ထိုသို့ ခန့်မှန်းခြင်းမပြုရန် လုံးဝဆုံးဖြတ်လိုက်ပါသည်။
ကိုယ်တိုင်မှာ ဆေးသိပ္ပံ ပညာရှင် မဟုတ်သည့်အပြင် ပညာမဲ့အဖြစ် WHO က သတ်မှတ်ခြင်းခံရမည်ကို စိုးရိမ်၍ဖြစ်ပါသည်။ ။
သတင်းဘာသာပြန်သူ ))
Source : Dhaka Tribune., July 5th, 2020,” WHO halts hydroxychloroquine, HIV drugs in Covid-19 trials after failure to reduce death.”
Crd : HtayOung / OungMarine #Myanmar_Online_News
0 comments:
Post a Comment