မန္တလေးတိုင်းအတွင်းက ပုဂံ၊ ညောင်ဦးနဲ့ ပြင်ဦးလွင်မြို့မှာ ရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ လာမယ့်သီတင်းကျွတ်ကာလ အောက်တိုဘာ ၈ ရက်ကနေ ၁၀ ရက်အထိကြိုတင်အမှာတွေပြည့်နေပြီလို့ ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
သီတင်းကျွတ်လပြည့်နေနဲ့ ရုံးပိတ်ရက် ဆက်တိုက်ဖြစ်နေတာကြောင့် ပြည်တွင်းခရီးသွားတွေ အလာများမှာဖြစ်တယ်လို့လည်း သုံးသပ်တာတွေရှိပါတယ်။
"မနှစ်ကလည်း အုတ်အော်သောင်းနင်းပဲ ဘုန်းကြီးကျောင်းတွေရော၊ နေအိမ်မှာတည်းတာတွေရာလိုင်စင်မရှိတာတွေရောအပြည်ပဲ။ ဒီနှစ်ကတော့ အဲဒီလောက်မရှိပေမဲ့ လိုင်စင်ရှိတဲ့ ဟိုတယ်တော်တော်များများမှာ ဧည်သည့်ရှိတယ်။ ပြည်တွင်းခရီးသွားတွေချည်းပဲ အပြည့်နီးပါးပဲ။ ရုံးပိတ်ရက်တွေဆက်နေတာလည်းပါမယ်" လို့ မန္တလေးဟိုတယ်ဇုန်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မန္တလေးမြို့မှာလည်း အောက်တိုဘာ ၆ ရက်ကနေစပြီး ၅ ရက်ဆက်တိုက် စျေးရောင်းပွဲတော်လုပ်ဖို့ရှိနေပြီး ပြင်ဦးလွင်မှာလည်း မီးပုံပျံပွဲလုပ်မယ်လို့ကြေညာထားတာကြောင့် လာမယ့် သီတင်းကျွတ်လပြည့်ရက်နဲ့ မတိုင်ခင်ရက်တွေအတွက် ဟိုတယ်၊ တည်းခိုခန်းတွေမှာ ကြိုတင်အမှာတွေပြည့်နေပြီလို့ ဟိုတယ်၊ တည်းခိုခန်းတာဝန်ရှိသူတွေကပြောပါတယ်။
မန္တလေးတိုင်းအတွင်းမှာတော့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုက ကိုဗစ်ကာလမတိုင်ခင်မှာ ၆ သိန်းကျော် အထိရှိခဲ့တယ်လို့ မန္တလေးတိုင်းဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကပြောပါတယ်။ အခုလိုပြည်တွင်းခရီးသွားလာမှုတွေရှိနေပေမယ့် စစ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်းကို နိုင်ငံခြားသားဝင်ရောက်မှု ဇီးရိုးအဆင့်ရှိခဲ့တယ်လို့လည်း ခရီးသွားလုပ်ငန်းရှင်တွေက ထုတ်ပြောထားပါတယ်။
လက်ရှိမှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမငြိမ်သက်မှုတွေကြောင့် မြန်မာနိုင်ငံကို ခရီးသွားလာဖို့ အန္တာရယ်ရှိတဲ့ Red Zone အဖြစ် သတ်မှတ်ချက်တွေရှိနေပေမယ့် စစ်ကောင်စီက ပြည်ပခရီးသွားတွေဝင်ရောက်လာဖို့ ပြင်ဆင်နေတယ်လို့ ပြောနေပြီး ပြည်ပခရီးသည်တွေဝင်ရောက်မှုရှိနေတယ်လို့ ထုတ်ပြန်နေပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ- Getty Images
0 comments:
Post a Comment