Thursday, January 5, 2023

‘ဝ’၊ ကိုးကန့်၊ ရှမ်းလက်နက်ကိုင် ၃ ဖွဲ့နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေး

‘ဝ’၊ ကိုးကန့်နဲ့  ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ   စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့  ဇန်နဝါရီ ၅ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပါတယ်။

“ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်နဲ့  စစ်ကောင်စီဘက်က ငြမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်တွေအရ  အခုတတိယ အကြိမ်ဆက်လက်ဆွေးနွေးဖို့ ကျန်တဲ့ကိစ္စရပ်တွေကို  အဖွဲ့အသီးသီးရဲ့ နိုင်ငံရေးလိုလားချက်တွေကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ထားပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိပါဘူး။ 

ဒါ့အပြင် ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံကျတဲ့ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပြီး ဒီကနေ့  ဇန်နဝါရီ ၆ ရက်မှာ  ဆွေးနွေးပွဲ ဆက်လက်ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာလည်း အန်စီအေအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ ၃ ရက်ကြာ ဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။

တိုင်းရင်းသား ၅ ဖွဲ့ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA) KNU/KNLA-(PC) ငြိမ်းချမ်းရေးကောင်စီနဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အပါအဝင် အချက် ၄ ချက်ကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။

Photo-DSINFO

DVB

0 comments:

Post a Comment