နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးမည်ဟု သမ္မတက နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားအပြီး၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သက်ဆိုင်ရာဝန်ကြီးဌာနများထံမှ စာရင်းများ စတင်တောင်းခံနေပြီဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။
လစာတိုးပေးနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများထံ စာရင်းများတောင်းခံထားပြီး ရှေ့အပတ်ထဲတွင် လစာစာရင်း ရရှိမည်ဖြစ်သော်လည်း ယခုလကုန် လစာတိုးခြင်း၊ မတိုးခြင်းကို ပြော၍မရနိုင်သေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
“အလုပ်သမားတစ်ဦးရဲ့ တစ်နေ့အတွက် အနည်းဆုံး အခကြေးငွေ ၄,၈၀၀ ကျပ်နှုန်းနဲ့ လိုက်လျောညီထွေဖြစ်စေရန် အမှုထမ်းလစာများအားလုံးကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အရာထမ်း လစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ စီစဉ်တွက်ချက်ပြီးဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းသို့ လစာတိုးပေးမည်ဟု သမ္မတက ပြောကြားသော်လည်း မည်သည့်အချိန်တွင် တိုးမည်ဆိုသည်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
နိုင်ငံ့ဝန်ထမ်းများ လုပ်ခလစာအပြင် ကောင်းမွန်သည့် အထွေထွေခံစားခွင့်များ ရရှိစေရန် အစိုးရအနေနှင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
နေပြည်တော်ရှိ MICC2 တွင် ၂၀၁၇ ဇူလိုင်လက ပြုလုပ်သည့် ကမ္ဘာ့နိုင်ငံများမှ ကျင့်သုံးသည့် နည်းလမ်းများကို ဆွေးနွေးလေ့လာခြင်းနှင့် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန်စွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ခြင်း အသိပေးပညာမျှဝေမှု ဖိုရမ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်မတို့ ဝန်ထမ်းတွေ သင့်လျော်မျှတတဲ့ လုပ်ခလစာရရှိရေး၊ ကောင်းမွန်တဲ့ အထွေထွေခံစားခွင့်တွေ ရရှိခံစားနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ နိုင်ငံ့ဝန်ထမ်းများ လစာတိုးခြင်းမှာ အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လစာတိုးခြင်းလည်းဖြစ်သည်။
The Voice
0 comments:
Post a Comment