Friday, April 20, 2018

ရခိုင်ပြည်နယ်အတွင်း ဆူပူအုံကြွမှုဖြစ်ပေါ်စေရန် စည်းရုံးလှုံ့ဆော်မှုပြုလုပ်သူကို အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ချမှတ်


ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှုဖြစ်ပေါ်စေရန် စည်းရုံးလှုံ့ဆော်နေကြောင်း တိုင်းဒေသကြီးအစိုးရထံ တင်ပြလာသဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တရားလိုပြုလုပ်၍ မကွေးခရိုင်တရားရုံးသို့ ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့သည့် အမှုမှ တရားစွဲဆိုခံရထားရသူ ဦးအောင်ကျော်မြင့်အား မကွေးခရိုင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် အနှစ် (၂၀)ကျခံစေရန် ဧပြီ ၁၉ ရက်က အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တရားလိုပြုလုပ်၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ ခရိုင်တရားရုံးက ရဲစခန်းသို့ စုံစမ်းစစ်ဆေးရန် ပြန်ချပေးခဲ့ပြီး ရဲစခန်းမှ နှစ်ဖက်စစ်ဆေးကာ ပြန်လည်တင်ပြလာသည့် အစီရင်ခံစာအရ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် စွပ်စွဲခံရသူ အောင်ကျော်မြင့်အား ဖမ်းဆီး၍ စစ်ဆေးဆောင်ရွက်ခဲ့ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တရားလိုပြသက်သေအဖြစ် အစစ်ဆေးခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအပေါ် မကွေးခရိုင်တရားရုံး တရားသူကြီး ဦးဘုန်းတင့်က ကြားနာစစ်ဆေး၍ ၂၀၁၈ ခု နှစ် ဧပြီလ (၁၉) ရက်နေ့တွင် အောင်ကျော်မြင့်အား ရာဇသတ်ကြီးပုဒ်မ ၁၂၄-က အရ အလုပ် နှင့် ထောင်ဒဏ် အနှစ်(၂၀)ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊ အမ်းတွင် ဆူပူအုံကြွအောင် မကွေးတိုင်းအတွင်းတွင် ငွေပေးလှုံ့ဆော်စည်းရုံးမှုများ ရှိနေသည်ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ်က ပြောကြားခဲ့ဖူးသည်။

ပုံစာ - ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့စဉ်က
The Ladies News

0 comments:

Post a Comment