Friday, April 20, 2018

ရိုက်တာသတင်းထောက်ကို ထောက်ချောက်ဆင်ဖမ်းဆီးခဲ့သည်ဟု ဒုရဲမှူး၏ ထွက်ဆိုချက်မှာ ပြောချင်ရာပြောခြင်းဟု ပြည်ထဲရေး ပြောခွင့်ရပုဂ္ဂိုလ်တုန့် ပြန်


နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော ရိုက်တာသတင်းထောက် ၂ ဦးကို ထောက်ချောက်ဆင်ဖမ်းဆီးရန် ရဲမှူးချုပ်တင်ကိုကိုက ညွှန်ကြားခဲ့သည်ဟု တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်မှာ ပြောချင်ရာပြောခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က အကုန်သိသတင်းဌာနကို ပြောသည်။

“ကျွန်တော်သိသလောက်ကတော့ သူတို့လည်း အထောက်အထား သက်သေနဲ့ပဲ အရေးယူဆောင်ရွက်တာဖြစ်ပါတယ်။ သူ့ဘာသာ ပြောချင်ရာပြောတာလေ။ သူတို့ဟာသူတို့ ဘာပဲပြောပြော ပြောတဲ့ အပေါ်မှာတော့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က အကုန်သိသတင်းဌာနသို့ ဧပြီလ ၂၀ ရက် ညပိုင်းတွင် ပြောသည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသော ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ယနေ့(ဧပြီလ ၂ဝ ရက်)က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ၁၄ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့စဉ် တရားလိုပြသက်သေဖြစ်သူ အမှတ်(၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးမိုးရန်နိုင်က ယင်းကဲသို့ လာရောက်ထွက်ဆိုခဲ့သည်။ ၄င်းနှင့် တပ်ကြပ်ကြီးခင်မောင်လင်းတို့သည် ရိုက်တာသတင်းထောက် ၂ ဦးနှင့်အတူ ထိန်းသိမ်းခံရပြီး ယနေ့ ရုံးချိန်းအထိ ရက်ပေါင်း ၁၂ဝ ကျော် ဖမ်းချုပ်ခံထားရကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment