Thursday, April 19, 2018

ကချင်စစ်ဘေးရှောင်များ အိမ်ပြန်နိုင်ရေး တပ်မတော် ကူညီမည်


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လော့ဒ်ရွာက  စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ အိမ်ပြန်နိုင်ရေးအတွက် တပ်မတော်က ကူညီသွားမယ်လို့ တနိုင်းမြို့ပေါ်မှာ မနေ့က လိုက်လံကြေညာခဲ့ပါတယ်။

တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)တို့အကြား ဧပြီ ၁၁ ရက်က ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် အောင်လောဒ့်ရွာက ရွာသား ၂၀၀၀ လောက် တောတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ အောင်လော့ဒ်ရွာကို တပ်မတော်က ၀င်ရောက်ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ကေအိုင်အေနဲ့ ပတ်သက်ဆက်နွှယ်မှု မရှိတဲ့သူတွေကို ရွာမှာပြန်လည်နေထိုင်နိုင်ရေး ကူညီသွားမယ်လို့ တပ်မတော်က ကြေညာပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည့် ကေအိုင်အေနှင့် ဆက်စပ်ပတ်သက်မှုမရှိသော အပြစ်မဲ့ရွာသူရွာသားများအား မိမိတို့နေအိမ်များသို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးအတွက် တပ်မတော်နှင့် တနိုင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖအဖွဲ့များမှ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။ တနိုင်းမြို့တွင်း ရောက်ရှိနေသော အောင်လော့ဒ်မှ ရွာသူရွာသားများရှိပါက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ သွားရောက်သတင်းပို့ရန်နှင့် ၄င်းတို့ဟာ လက်ခံထားရှိသော တနိုင်းမြို့တော်မှ ဆွေမျိုး၊ မိတ်ဆွေများအနေဖြင့်လည်း အောင်လော့ဒ်ရွာသူရွာသားများအား ၄င်းတို့၏ ကျေးရွာတွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် အတူတကွ ပို့ဆောင်သတင်းပို့ကြရန် လိုအပ်ပါတယ်”လို့ တပ်မတော်က ဆိုပါတယ်။

ဒါ့အပြင် ရွာသူရွာသားတွေအနေနဲ့ စိုးရိမ်ကြောက်လန့်မှုမရှိဘဲ မိမိရွာကိုပြန်လည်နေ ထိုင်နိုင်မှာဖြစ်သလို တနိုင်းမြို့မှာ တိုက်ပွဲရှောင်စခန်းဖွင့်မှာမဟုတ်ဘူးလို့လည်းကြေညာပါတယ်။

အောင်လော့ဒ်ကျေးရွာမှာ ရွာသားတွေရဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တပ်မတော်က ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။

“ရွာအနေအထားကလည်း ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာစဉ် နေအိမ်တချို့အား မီးရှို့ဖျက်ဆီးခဲ့ခြင်းများမှအပ ပျက်စီးဆုံးရှုံးမှုမရှိစေဖို့ တပ်မတော်မှ ထိန်းသိမ်းထားရှိပါတယ်။”

ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်အဖွဲ့က ဒေါ်ဆွတ်ဆိုင်းထွယ်ကတော့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို စစ်တပ် လက်ထဲအပ်ဖို့ ပြောတဲ့ကိစ္စဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ ပြောပါတယ်။

“မနေ့ညအထိ လူကြီးတွေညှိတဲ့ သတင်းအရဆိုလိုရင် တိုင်းမှူးက တောနက်ထဲကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေ တနိုင်းကို မသွားဘဲ အဲဒီအောင်လော့ဒ်ကျေးရွာမှာပဲ စစ်တပ်ကို အပ်ဖို့အတွက် တိုင်းမှူးက ပြောခဲ့တယ်။ စစ်တပ်ကို အပ်လို့ရှိရင် ၆ လပေါ့နော်။ သူတို့ကို အစားအသောက်တွေ ထောက်ပံ့ပေးမယ်ဆိုပြီးတော့ မနေ့ညက ပြောတယ်။ ဒါပေမယ့် ကျမတို့ ရွာသူရွာသားတွေအနေနဲ့ကတော့ ဘယ်လိုမှ မယုံကြည်နိုင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ပေါင်း ၆၀ ကျော် ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က ပြည်သူကို ဘာမှ အန္တရာယ်မပြုဘဲနဲ့ ဘေးကင်းကင်းနေရတယ်ဆိုတဲ့ဟာ မရှိခဲ့တဲ့အတွက် အခု ကျမတို့ ရွာသူရွာသားတွေအနေနဲ့ ဘယ်လိုမှ အယုံအကြည်မရှိနိုင်ဘူး။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ လုံခြုံရေးကို အရမ်းစိုးရိမ်တယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ပြည်သူတွေကို တံတိုင်းတခုအနေနဲ့ အသုံးပြုနေတယ်လို့ပဲ ကျမတို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ညပိုင်းက ကေအိုင်အေတပ်ဘက်က ရွာရဲ့အပြင်ဘက်ကနေ ရွာထဲကိုရောက်တဲ့ မြန်မာ့တပ်မတော်ကို ပြန်ပြီး ၀ိုင်းထားပြီလို့ ကျမတို့ ကြားတယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် တံတိုင်းအဖြစ် အသုံးပြုဖို့ ဆိုတဲ့ဟာကိုပဲ ကျမတို့က ခံယူတယ်ပေါ့။ ”

ကတ်သလစ် အသင်းတော်ရဲ့ ကျူပလီပွဲရှိတဲ့အတွက် အောင်လော့်ရွာသားတချို့ကတော့ တနိုင်းမြို့ပေါ်မှာ တိုက်ပွဲမဖြစ်ခင် ၁၁ ရက်နေ့ မတိုင်ခင်ကတကည်းက ရောက်နေတဲ့သူတွေလည်း ရှိနေပါတယ်။

သူတို့တွေကိုလည်း လက်မခံဖို့နဲ့ အခုထပ်ပြီး တိမ်းရှောင်လာတဲ့သူတွေကိုလည်း လက်မခံဖို့ ကြေညာတဲ့သဘော ရှိတယ်လို့လည်း ဒေါ်ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။   

ဧပြီ ၁၁ ရက်ကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အောင်လောဒ့်ရွာသား ၂၀၀၀ လောက် တောထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေကြား ပိတ်မိကာ စားနပ်ရိက္ခာပြတ်နေတယ်လို့  ကချင်ပြည်နယ်အမျိုးသမီးများကွန်ရက်အဖွဲ့က ပြောပါတယ်။

DVB

0 comments:

Post a Comment