Thursday, April 19, 2018

စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်များဖြစ်ပြီး တပ်မတော်မှ ထုတ်ပြန်ထားသည့် အမိန့်နှင့် စည်းကမ်းချက်များကို လိုက်နာ၊ လူမှုကွန်ရက်များ သုံးစွဲရာတွင် လုံခြုံရေးအသိဖြင့် ဆောင်ရွက်ရန်လို


စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်များဖြစ်ပြီး တပ်မတော်မှ ထုတ်ပြန်ထားသည့် အမိန့်နှင့် စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ကြောင်း၊ လူမှုကွန်ရက်များသုံးစွဲရာတွင် လုံခြုံရေးအသိဖြင့် ဆောင်ရွက်ရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင် တပ်နယ်ရှိ သင်တန်းကျောင်းများမှ နည်းပြအရာရှိ၊ စစ်သည်များ၊ ဆေးမှူးပါရဂူများ၊ တပ်နယ်မှ အရာရှိများအား ယနေ့မွန်းလွဲပိုင်းတွင် စစ်တက္ကသိုလ်ရှိဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် နည်းပြအရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ဆရာဆိုသည်မှာ ထာဝရဆရာဖြစ်ကြောင်း၊ တပ်မတော်သင်တန်းကျောင်းများတွင် အရာရှိ၊ စစ်သည် အဆင့်အလိုက်နည်းပြများရှိကြောင်း၊ မိမိတို့ဆရာများ၏ လုပ်ဆောင်ချက်များကိုကြည့်ပြီး တပည့်များကသင်ယူရသဖြင့် နည်းပြများကိုယ်တိုင်လုပ်ဆောင်ချက်များ မကောင်းပါက တပည့်များ၏ လုပ်ဆောင်ချက်များလည်းမကောင်းနိုင်ကြောင်း၊ မိမိတို့သင်ကြားပေးလိုက်သည့် တပည့်များအားကိုယ်ကျင့်တရားမှစ၍ တော်အောင်၊ သိအောင်၊ တတ်အောင်လေ့ကျင့်သင်ကြားပျိုးထောင်ပေးရာတွင် ဆရာကောင်းတစ်ဦး ဖြစ်ရန်ပြုမှုပြောဆို၊ နေထိုင်ပြသသင်ကြားပေးရန်လိုကြောင်း၊ မိမိတို့သင်ကြားပေးလျက် ရှိသည့်အချို့သင်တန်းသားများသည် လက်တွေ့စစ်မြေပြင်တွင် အသက်ပေး၍ တာဝန်ထမ်းဆောင်မည့် သူများဖြစ်သဖြင့် လေ့ကျင့်သင်ကြားပေးလိုက်သည့် ပညာရပ်များအား လက်တွေ့နယ်ပယ်တွင်အသုံးမချနိုင်ပါက ပေးဆပ်မှုများကြီးမားသွားနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့သင်ကြားပေးလိုက်သည့် သင်တန်းသားများအား လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်အောင် ထိရောက်စွာလေ့ကျင့်သင်ကြားပေးရမည် ဖြစ်ကြောင်း၊ လက်တွေ့ နယ်ပယ်တွင်ထိုက်သင့်သည့် အတွေ့အကြုံရှိသူ၊ သင်တန်းများတွင် အဆင့်ကောင်းသည့် သူများကိုသာ နည်းပြများအဖြစ် ခန့်အပ်ထားခြင်းဖြစ်ကြောင်း၊ မိမိတို့တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို သင်တန်းသားများအား လက်တွေ့နယ်ပယ်တွင် အသုံးပြုနိုင်ရန်အတွက် သင်ကြား လေ့ကျင့်ပေးရန်လိုကြောင်း၊ သင်တန်းနည်းပြများ အနေဖြင့် ရာထူးအရ ကွာခြားမှုများနှင့် လုပ်သက်ကွာခြားမှုများ ရှိသဖြင့် နည်းပြအချင်းချင်း အတွေ့အကြုံများ ပြန်လည်မျှဝေရန်လိုကြောင်း၊ လက်တွေ့စစ်မြေပြင်တွင်လည်း လုပ်သက်ရင့်သည့်အရာရှိ၊ စစ်သည်များက အတွေ့အကြုံနည်းသည့် အရာရှိ၊ စစ်သည်များ အား သင်ကြားပြသပေးကြပြီး ထိုကဲ့သို့ အစဉ်အလာ ကောင်းများကိုလည်း ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်းမှာကြားသည်။

ထို့နောက် မိမိတို့သင်တန်းကျောင်းများ၏ ဆောင်ပုဒ်များနှင့်အညီ သင်တန်းသားများအား ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုအခါမိမိတို့ တပ်မတော်အား ခေတ်မီတပ်မတော် (Standard ARMY) အဖြစ် တည်ဆောက်လျက်ရှိပြီး ထိုသို့တည်ဆောက်ချိန်တွင် Professional ဖြစ်ရန်အတွက် အတတ်ပညာ အဓိကလိုအပ်ကြောင်း၊ အတတ်ပညာရှိရန်အတွက် အတန်းပညာရှိရန်လိုအပ်သဖြင့် တပ်မတော်တစ်ရပ်လုံး ပညာရည်မြှင့်တင်ရေး လုပ်ငန်းများအား စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လေ့ကျင့်ရေးပိုင်းများကိုလည်း ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မိမိတို့၏ ရည်မှန်းချက်များကို မပျောက်ပျက်အောင် ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များဖြစ်သဖြင့် စိတ်လွတ်ကိုယ်လွတ်ဖြင့် အပျော်အပါးများလိုက်စားလျှင် မိမိတို့ဘ၀ ပျက်စီးခြင်းသို့ ရောက်နိုင်သဖြင့် ရင့်ကျက်သည့်စိတ်၊ ခေါင်းဆောင်စိတ်ကို မွေးမြူရန်လိုကြောင်း၊ မူးယစ်သေစာသောက်စား ခြင်းကိုလည်း တတ်နိုင်သမျှရှောင်ကျဉ်ရန်လိုကြောင်း၊ သောက်စားပျော်ပါးခြင်းများမှ တစ်ဆင့် မူးယစ်ဆေးဝါးသုံးဆောင်သည်အထိဖြစ်ပေါ်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် မိမိတို့၏အဆင့်တိုးမြှင့်ခြင်းကိစ္စရပ်များကို ထိခိုက်စေနိုင်ကြောင်း၊ ထို့အပြင် မိမိတို့ကိုယ်တိုင်နှင့် တပ်မတော်အပေါ်၊ နိုင်ငံတော်အပေါ် တပ်မတော်သားကောင်း ပီသစွာ သစ္စာရှိရှိဖြင့် တာဝန်ထမ်းဆောင်ရန်လိုကြောင်း၊ တပ်မတော်သားတစ်ဦး မကောင်းလျှင် တပ်မတော် တစ်ရပ်လုံး၏ ဂုဏ်သိက္ခာအထိ ထိခိုက်စေကြောင်း၊ ထို့ကြောင့် မိမိတို့တစ်ဦးချင်းအနေဖြင့် ထိန်းသိမ်း နေထိုင်ရန် လိုကြောင်း၊ မိမိတို့ တပ်မတော်သားအချင်းချင်း မိသားစုစိတ်ဓာတ်၊ ညီအစ်ကိုမောင်နှမ စိတ်ဓာတ်များဖြင့် စည်းစည်းလုံးလုံး နေထိုင်ကြရန်လိုကြောင်း ရှင်းလင်းမှာကြားခဲ့သည်။

ယနေ့နံနက်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသ လျက်ရှိသည့် စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သည်များအား တစ်ဦးချင်းလိုက်လံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည်လည်း အမျိုးသမီးဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် တပ်မတော်သား မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခွဲစိတ်ခန်း တိုးချဲ့တည်ဆောက်ရန် ဆောင်ရွက်ထားရှိမှုနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News


0 comments:

Post a Comment