ရှေ့နေဦးကိုနီအား လုပ်ကြံခဲ့ရမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူများအား လက်ရှိစွဲဆိုထားသော အမှုတွဲများကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးသို့ ပေးပို့ထားသောကြောင့် ယနေ့ရုံးချိန်းတွင် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် အမှုကို ပြန်လည်ရုံးချိန်ခဲ့သည်။
ရန်ကုန်လေဆိပ်တွင် ရှေ့နေဦးကိုနီကို သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံသူ သေနတ်သမားကြည်လင်းအပါအဝင် လေးဦးကို ယနေ့(ဧပြီလ ၁၉ ရက်)က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်တရားရုံး၌ (၅၃) ကြိမ်မြောက် ရုံးထုတ်မှုတွင် တိုင်းတရားရုံးသို့ ပို့ပေးထားသည့် အမှုတွဲများ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသောကြောင့် ရုံးချိန်းကို လာမည့်မေလ ၃ ရက်သို့ ပြောင်းရွေ့ချိန်းဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီကို လုပ်ကြံမှုတွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်မှာပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မြေးဖြစ်သူကို ချီလျက်ရပ်နေသည့် ရှေ့နေဦးကိုနီအား ကြည်လင်းဆိုသူက အနီးကပ်သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်ပြီး ၄င်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ပေးခဲ့သော တက္ကသမားကိုနေဝင်းသည်လည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
လက်ရှိတွင် ကြည်လင်းကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂(၁)(ခ)/၃၄/၃၀၂(၂)/၁၉(ဃ)(စ)ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)/၃၄/၁၉(ဃ)(စ) ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ-၂၁၂ တို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
ထို့ပြင်ရှေ့နေဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူအောင်ဝင်းထွန်းကို ခရိုင်တရားရုံးမှ သိန်း ၅၀၀ ဖြင့်အာမခံပေးထားကြောင်း သိရသည်။
လွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို တရားရုံးမှ ဖမ်းဝရမ်းထုတ်ထားကြောင်း၊ တရားစွဲဆိုခံထားရသူများ၏ ရှေ့နေများက ပြန်ခေါ်သက်သေ ၃၇ ဦးတင်သွင်းခဲ့ရာမှ ၄င်းတို့ကို စစ်ဆေးပြီးစီးသွားကြောင်း သိရသည်။
နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)
0 comments:
Post a Comment