Friday, April 20, 2018

ဘင်္ဂလားဒေ့ရှ်သို့ လေ့လာရေးသွားရောက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဟိန္ဒူဒုက္ခသည်များနှင့် တွေ့ခွင့်မရခဲ့၊ ဘင်္ဂါလီဒုက္ခသည်များအား မိမိကိုယ်ကို ရိုဟင်ဂျာဟုပြောရန် သင်ကြားပေးမှုများရှိနေဟုဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာရာတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက မူဆလင်ဒုက္ခသည်စခန်းများကိုသာ သွားရောက်လေ့လာခွင့်ပြုခဲ့ပြီး ဟိန္ဒူဘာသာဝင်များရှိရာ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခွင့်မပြုခဲ့ခြင်းအပေါ် ဝမ်းနည်းမိကြောင်းနှင့် ဘင်္ဂါလီဒုက္ခသည်များအား မိမိကိုယ်ကို ရိုဟင်ဂျာဟုသာပြောရန် သင်ပေးမှုများရှိနေကြောင်း မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်းမှ ဒေါက်တာလှထွန်းက ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇား နှင့် ဒါကာမြို့သို့ ဧပြီ ၁၁ မှ ၁၃ ရက်အထိ လေ့လာရေးခရီးစဉ်သွားရောက်ခဲ့ပြီး ယင်းခရီစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဧပြီ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ကျင်းပခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ြ့သော ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါက်တာသက်သက်ဇင်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်းမှ ဦးတင်မြင့်၊ ဦးသန်းလွင်နှင့် ဒေါက်တာလှထွန်းတို့ တက်ရောက်ရှင်းလင်းခဲ့ကြသည်။

“ဟိန္ဒူစခန်းတွေက ဘယ်နေရာမှာ ရှိသလဲ။ ကျွန်တော်တို့ တွေ့လို့ရလား၊ မရဘူးလားဆိုတော့ အဲဒီမှာ သိရတာက ကော့ဘဇား၊ အူခီယားမှာရှိတဲ့ စခန်း၊ အဲဒီစခန်းကို မရောက်ခင်မှာပဲ ဟိန္ဒူစခန်းရှိတယ်။ သွားလို့လည်းရတယ်။ အဲဒီစခန်းကို ဖြတ်သွားပြီးမှ နောက်စခန်းတခုကို သွားတယ်ဆိုတာ ကြားသိရတော့ တော်တော်လေးကို ဝမ်းနည်စရာ ဖြစ်သွားတယ်။ အခုထိတောင် ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့စိတ်ကို မဖြေနိုင်သေးပါဘူး”ဟု ဒေါက်တာလှထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသည့် ဟိန္ဒူဘာသာဝင်ဦးရေ ၅၀၀ ကျော်ရှိပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက ယင်း ဟိန္ဒူဘာသာဝင်များကို ပြန်လည်ပို့ဆောင်မည့် ပထမအသုတ်၏ နောက်ဆုံးအပိုင်းတွင်မှ ပြန်လည်ပို့ဆောင်မည်ဟု မိမိတို့အား ပြောကြားခဲ့ကြောင်း ဦးကျော်တင့်ဆွေက ပြောကြားခဲ့သည်။

ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ သွားရောက်ရာတွင် ဘင်္ဂါလီများဖြစ်သည်၊ အစ္စလာမ်ဘာသာဝင်များဖြစ်သည်ဆိုသည့်အချက်ကို ဝန်ခံကြကြောင်း၊ သို့သော် ရိုဟင်ဂျာဟုသာ ပြောဆိုရန် သင်ပေးမှုများရှိနေကြောင်းလည်း ဒေါက်တာလှထွန်းက ပြောကြားခဲ့သည်။

“ဘင်္ဂါလီတွေဖြစ်တယ်၊ အစ္စလာမ်ဘာသာဝင်တွေဖြစ်တယ်ဆိုတာကို ဝန်ခံတယ်။ သို့သော် အဲဒီမှာ စကားပြောနေတဲ့ အချိန်မှာပဲ တယောက်၊ နှစ်ယောက်က မဟုတ်ဘူး၊ မဟုတ်ဘူး၊ ရိုဟင်ဂျာ ပြော၊ သင်ပေးသလိုပုံစံနဲ့ ရိုဟင်ဂျာစကားလုံးကို ထည့်ထည့်ပြီးတော့ ပြောနေတာကိုလည်း ကြားသိရပါတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

မင်းထင်
News Watch

0 comments:

Post a Comment