Friday, April 20, 2018

ရှမ်းရိုးမ အပန်းဖြေဆင်စခန်းသို့ နေ့စဉ်ခရီးသွား ၁၀၀ ခန့် လည်ပတ်


ရှမ်းပြည်နယ် ကလောမြို့နယ် တောင်ကြီး - မိတ္ထီလာလမ်းဘေး နမ့်ပန်တက်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလက စတင်၍ ရှမ်းရိုးမ အပန်းဖြေဆင်စခန်းဖွင့်လှစ်ခဲ့ရာ နေ့စဉ် ပြည်တွင်း၊ ပြည်ပခရီးသွား ၁၀၀ ခန့် လာရောက်ကြောင်း ယင်းစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“သင်္ကြန်ရက်မှာတော့ နေ့စဉ် ဧည့်သည် ၅၀၀ လောက်လာရောက်ပေမယ့် ပုံမှန်အချိန်တွေမှာတော့ ၇၀ ကနေ ၈၀ ဝန်းကျင် လာရောက်ပါတယ်။ သစ်ထုတ်လုပ်ငန်းတွေ ရပ်နားထားတဲ့အတွက် ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းအနေနဲ့ ဖွင့်လှစ်ခဲ့တာပါ”ဟု ၎င်းကဆိုသည်။ 

ရှမ်းရိုးမ အပန်းဖြေဆင်စခန်းသည် ပြည်ထောင်စုကားလမ်းမကြီးဘေးတွင်ရှိပြီး ခရီးသွားများ လမ်းကြုံဝင်ရောက်လည်ပတ်နိုင်သော်လည်း သတ်မှတ်ဖွင့်လှစ်ချိန်ထက် နောက်ကျရောက်ရှိလာပါက ဆင်များကို လွှတ်ကျောင်းပြီးဖြစ်သောကြောင့် ဆင်စီးခွင့်မရကြောင်း တောင်ကြီးမြို့ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ အပန်းဖြေဆင်စခန်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီခွဲအထိ ဆင် ၁၀ ကောင်ဖြင့် လည်ပတ်စီးနင်းရန် ပြုလုပ်ထားကြောင်း၊ ဝင်ကြေးအနေနှင့် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ကျပ်တစ်ထောင်နှင့် ဆင်စီးနင်းခ ကျပ်သုံးထောင်၊ ပြည်ပခရီးသွား တစ်ဦးလျှင် ဝင်ကြေးနှင့် ဆင်စီးနင်းခ ကျပ်နှစ်သောင်း သတ်မှတ်ထားကြောင်း ယင်းစခန်းထံမှ သိရသည်။

The Voice

0 comments:

Post a Comment