Friday, April 20, 2018

ဗြိတိန်တော်ဝင်မင်းသား၏ လက်ထပ်ပွဲမတိုင်ခင် ၀င်ဆာရဲတိုက်အနီး လုံခြုံရေး ရှင်းလင်း


ဗြိတိန်ရဲတပ်ဖွဲ့ဟာ တော်ဝင်မင်းသား ဟယ်ရီရဲ့လက်ထက်ပွဲမတိုင်ခင် ၀င်ဆာရဲတိုက်အနီးဝန်းကျင်မှာ လုံခြုံရေးအတွက် ရှင်းလင်းနေပါတယ်။

ရဲတပ်ဖွဲ့ဟာ  ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန် မင်းသမီး မီဂန် မာကယ်တို့ရဲ့ မင်္ဂလာပွဲကို ဘေးကင်းကင်းနဲ့ လာမယ့်လမှာ ကျင်းပနိုင်ဖို့ လုံခြုံရေးအရ ၀င်ဆာရဲတိုက်မှာ ရှင်းလင်းနေပါပြီ။

ဟယ်ရီနဲ့ မာကယ်တို့ဟာ ရဲတိုက်ထဲက စိန့်ဂျော့ဘုရားကျောင်းအတွင်း မေ ၁၉ ရက်နေ့မှာ လက်ထပ်ပွဲ ကျင်းပမှာပါ။

လန်ဒန်အနောက်ပိုင်း မိုင် ၂၀ နီးပါးမှာရှိတဲ့ ၀င်ဆာမြို့က ဒီရဲတိုက်တာ တော်ဝင်မင်းသားရဲ့ အဖွား ဗြိတိန် ဘုရင်မကြီး ရဲ့ အိမ်လည်းဖြစ်ပါတယ်။

“ရှာဖွေရေးတပ်ဖွဲ့အတွက်ကတော့ ဒီနေ့က ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။ တကယ့်နေရာ တစ်ခုဖြစ်တဲ့ ၀င်ဆာရဲတိုက်အထိ ရှာဖွေရေးလုပ်မှာပါ။ ဒီမှာ ဖောက်ခွဲရေး ပစ္စည်း ရှာဖွေတဲ့ခွေးအဖွဲ့လည်း ပါပါတယ်။  ကျနော်တို့ လမ်းတွေကို ရှင်းနေကြတယ်။ ခရီးသွားတွေအတွက်ရော၊ လာလည်တဲ့လူတွေ အတွက်ပါ တတ်နိုင်သမျှ ဘေးကင်းအောင် လုပ်နေပါတယ်” လို့ ရှာဖွေရေးအဖွဲ့ တပ်ကြပ်ကြီး အန်ဒီ တာနာက ပြောပါတယ်။

လက်ထပ်ပွဲကို ဧည့်သည် ၁ သိန်း ကျော်လောက်အထိ တက်ရောက်နိုင်လို့ ယာဉ် အသုံးပြု တိုက်ခိုက်တာတွေ မလုပ်နိုင်အောင် အဟန့်အတားတွေ လုပ်ထားသလို၊ လက်နက် ကိုင်လုံခြုံရေး တပ်ဖွဲ့တွေက ကင်းလှည့်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သိမ်းစ်တောင်ကြား ရဲတပ်ဖွဲ့က ဖောက်ခွဲပစ္စည်းရှာဖွေရေး ခွေးတပ်ဖွဲ့ဟာဧပြီလ ၁၉ မှာ စာထည့်ပုံးတွေ၊ ဖုန်းရုံတွေနဲ့ ရေမြောင်းတွေမှာ သံသယဖြစ်ဖွယ် ဖောက်ခွဲရေးပစ္စည်း ရှိ၊ မရှိကို ရှာဖွေခဲ့ပါတယ်။

ဗြိတိန်နိုင်ငံဟာ လူ ၃၆ ဦးသေဆုံး ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်တိုက်မှု ၂၀၁၇ ခုနှစ်မှာဖြစ်ပြီးကတည်းက အကြမ်းဖက်မှု အန္တရာယ် သတိရှိမှု အမြင့်ဆုံးမှာ ရှိနေပါတယ်။

DVB

0 comments:

Post a Comment