Thursday, April 19, 2018

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကာကွယ်စောင့်ရှောက်ရန် အရှိန်မြှင့် ဆောင်ရွက်မည်

  
လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်သွားမယ်လို့  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဧပြီ ၁၉ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်နဲ့အညီ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်သွားမှာဖြစ်ပြီး  သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းတွေအနေနဲ့လည်း ကော်မရှင်ရဲ့ အကြံပြုချက် တိုက်တွန်းချက်တွေအပေါ် အလေးထား ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲတဲ့ ဧပြီ ၁၂ ရက်မှာ သမ္မတဦးဝင်းမြင့်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် တရားဥပဒေမဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုတွေကို နိုင်ငံသူ နိုင်ငံသားတွေနဲ့ နောင်မျိုးဆက်တွေ မခံစားရစေရေးအတွက် လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပိုမိုအရှိန်မြှင့်တင်ပြီး တည်ဆဲဥပဒေတွေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ကော်မရှင်အနေနဲ့ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်အရေးယူတာကိုတော့ ဆောင်ရွက်ပိုင်ခွင့်မရှိပါဘူး။

ဒါပေမယ့် လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ သမ္မတနဲ့  ပြည်ထောင်စုလွှတ်တော်ထံ အစီရင်ခံစာ တင်သွင်းတာနဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေနဲ့ အကြံပြု တိုက်တွန်းချက်တွေကိုတော့ သက်ဆိုင်ရာ ဌာနတွေနဲ့ အဖွဲ့အစည်းတွေကို ပေးပို့လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြှင့်တင်ကာကွယ်ပေးနိုင်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ CBO တွေ၊ CSO တွေ၊ မီဒီယာ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်နဲ့ မြှင့်တင်လုပ်ဆောင်မယ်လို့ နှစ်ဆန်း ၁ ရက် မြန်မာ့ နှစ်သစ်ကူး မိန့်ခွန်းမှာပြောပါတယ်။

“လူပုဂ္ဂိုလ်တဦး၏ဥပဒေအရ အခြေခံရပိုင်ခွင့်တွေ၊ နိုင်ငံသားများ၏ မူလအခြေခံ အခွင့်အရေးတွေ၊ နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် လုံခြုံမှုတွေကို စစ်ကြောရေးစခန်း၊ ရဲစခန်းအချုပ်၊ တရားရုံးအချုပ်၊ အကျဉ်းထောင်၊ ရဲဘက်စခန်း စသည့်နေရာဒေသမရွေး လူ့အခွင့်အရေးကော်မရှင်က ကာကွယ်ပေးနိုင်အောင် စွမ်းဆောင်ကြရန်ဖြစ်ပါတယ်။ နိုင်ငံသားများရဲ့ မွေးရာပါအခွင့်အရေး တစ်နည်းအားဖြင့် နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေ မဆုံးရှုံးကြရအောင် လူ့အခွင့်အရေးကော်မရှင်နှင့်လည်း တွေ့ဆုံ ပြောကြားပြီး ဖြစ်ပါတယ်။ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများကိုယ်တိုင်ကလည်း မည်သူ့ အခြေခံအခွင့်အရေး၊ လူသားဂုဏ်သိက္ခာကိုမျှ မထိပါးစေဘဲ ဥပဒေနဲ့အညီ မျှတမှန်ကန်စွာ ဆောင်ရွက်ဖို့ အလေးထားရပါမယ်”လို့ သမ္မတက ပြောပါတယ်။

ဒ့ါအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်လို့လည်း ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့်က  ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုပွဲ အခမ်းအနား မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

DVB

0 comments:

Post a Comment