Thursday, April 19, 2018

Miss Eco International ပြိုင်ပွဲရဲ့အကောင်းဆုံးဝတ်စုံပြိုင်ပွဲ ဆန်ကာတင် ၁၅ ဦးမှာ မြန်မာအလှမယ်ပါဝင်


ကမ္ဘာမြေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေး လှုံ့ဆော်ဖို့ ရည်ရွယ်ကျင်းပတဲ့ Miss Eco International အလှမယ်ပြိုင်ပွဲကို အီဂျစ်နိုင်ငံ Marsa Alam မြို့ မှာ စတင်ကျင်းပနေခဲ့ပြီလို့ သိရပါတယ်။

အလှမယ်ပြိုင်ပွဲရဲ့  နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲကိုတော့ ဧပြီ ၂၇ ညပိုင်းမှာ ကိုင်ရိုမြို့ တော်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က သရဖူဆောင်းခဲ့တဲ့ ကနေဒါအလှမယ် အမ်ဘာဘာနေချီက ဒီနှစ်ဆက်ခံမယ့် အလှမယ်ကို သရဖူလွှဲပြောင်းပေးအပ်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ်ဟာ လေးကြိမ်မြောက်ပြိုင်ပွဲဖြစ်ကာ နိုင်ငံပေါင်း ၈၀ ကျော်မှ အမျိုးသမီးအလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးရဲ့  ပွဲစဉ်တစ်ခုဖြစ်တဲ့ အကောင်းဆုံးဝတ်စုံပြိုင်ပွဲကို Marsa Alam မြို့ က Calimera Habiba အပန်းဖြေကမ်းခြေမှာ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ အလှဆုံး အမျိုးသမီးတွေဟာ ပြန်လည်အသုံးပြုထားတဲ့ recycle ပစ္စည်း အ၀တ်အစားတွေကို သုံးကာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့ အလှမယ်တွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်မှုအဖြစ် ပလပ်စတစ်အိတ်တွေ၊ မဂ္ဂဇင်းအဟောင်းတွေကို သုံးကာ ဖန်တီးထားတဲ့ အ၀တ်အစားနဲ့  ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။

The Best Eco Dress ပြိုင်ပွဲအမျိုးအစားမှာ နောက်ဆုံးအဆင့် ဆန်ကာတင် ၁၅ ဦး အဆင့် ၀င်ရောက်ခဲ့သူတွေကတော့ မြန်မာအလှမယ်အပါအ၀င် ပိုလန်၊ အိန္ဒိယ၊ ပနားမား၊ မလေးရှား၊ ကော့စတာရီကာ၊ အင်ဒိုနီးရှား၊ ပီရူး၊ ကိုလံဘီယာ၊ ဗီယက်နမ်၊ အီကွေဒေါ၊ ဖိလစ်ပိုင်၊ အီဂျစ်နဲ့  တရုတ်နိုင်ငံက အလှမယ်တွေဖြစ်ကြောင်းလည်း သိရပါတယ်။

photo ; Miss Eco International
ကိုလင်း ( အကုန်သိ သတင်းဌာန ) 

0 comments:

Post a Comment