Thursday, April 19, 2018

တစ်ဦးချင်းပိုင် YBS ယာဉ်လိုင်းများကို ယခုနှစ်အတွင်း အပြီးဖျက်သိမ်းမည်


အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းရန် ကျန်ရှိနေသေးသည့် တစ်ဦးချင်းပိုင် ယာဉ်လိုင်းများကို ယခုနှစ်အတွင်း အပြီးဖျက်သိမ်း သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

ယခင်က မထသ လက်ထက်တွင် ကျင့်သုံးခဲ့သည့် ကိုယ်ရကိုယ်ယူစနစ်ကို ဖျက်သိမ်းရာ ၌ ယာဉ်လိုင်းပေါင်း ၁၀၀၀ ကျော်မှာ ပြောင်းလဲခြင်းမရှိသေးပဲ အဆိုပါ စနစ်ဟောင်းကို ဆက်လက်ကျင့်သုံးနေကြောင်းသိရသသည်။

ယင်းအတွက်ကြောင့် အများပိုင်အဖွဲ့အစည်းအဖြစ် ပြောင်းလဲခြင်းမရှိသည့် တစ်ဦးချင်းပိုင် ယာဉ်လိုင်းများကို ယခုနှစ်အတွင်း အပြီး ဖျက်သိမ်းသွားမည်ဖြစ်ပြီး ပြောင်းလဲခြင်းမရှိသော ယာဉ်လိုင်းများကို ထုတ်ပယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အများပိုင်ကုမ္ပဏီကို မဖြစ်မနေ ဖွဲ့စည်းသွားမှာ ဖြစ်တဲ့အတွက် ကျန်တဲ့ ယာဉ်လိုင်းတွေကို ဒီနှစ်ထဲမှာပဲ အပြီးဖျက်သိမ်းသွားမယ်။ အဓိက ကိုယ်ရကိုယ်ယူစနစ်ကို ဖျက်သိမ်းချင်တာပါ။ ဒါပေမယ့် တော်တော်များများတော့ အများပိုင်ကုမ္ပဏီအဖြစ်တော့ ဖွဲ့စည်းပြီးသား။ ကျန်တဲ့ယာဉ်လိုင်းတွေကိုတော့ ယာဉ်ပိုင်ရှင်တွေနဲ့ ဆက်ပြီးဆွေးနွေးသွားမယ်”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောသည်။

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများကို အစုအဖွဲ့ကုမ္ပဏီအဖြစ်တာဝန်ယူ ပြေးဆွဲပေးနေသည့် ကုမ္ပဏီပေါင်း ၃၂ ခုရှိပြီး အများပိုင်အဖြစ်ပြေးဆွဲနေသည့် ကုမ္ပဏီမှာ ၁၇ ခုသာရှိသေးပြီး ကျန်ရှိနေသည့် ကုမ္ပဏီများမှာ အများပိုင်ကုမ္ပဏီအဖြစ်ဖွဲ့စည်းရန် ကျန်ရှိနေသေးကြောင်း၊ လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၉၁ လိုင်းရှိပြီး ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်ရှိသည့်အနက် တစ်ဦးတည်းပိုင် ယာဉ်အစီးရေမှာ ၁၀၀၀ ကျော် ကျန်ရှိနေကြောင်း သိရသည်။

စုသက်နှင်း 
AKonThi




0 comments:

Post a Comment