Tuesday, June 5, 2018

နယူးဇီလန်ဘုရင်မကြီး၏ ဂုဏ်ထူးဆောင်ဘွဲ့စာရင်းတွင် လိင်အပျော်မယ်ဟောင်းတဦး ပါဝင်


နယူးဇီလန်နိုင်ငံ ဘုရင်မကြီးရဲ့ မွေးနေ့မှာ ပေးအပ်ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်စာရင်းမှာ လိင်အပျော်မယ်ဟောင်းတဦးလည်း ပါဝင်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဇွန်လ ၄ ရက်နေ့က ဖော်ပြပါတယ်။
ပြည့်တန်ဆာလုပ်ငန်းကို နယူးဇီလန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက တရားဝင် ခွင့်ပြုထားခဲ့တာဖြစ်ပြီး ပြည့်တန်ဆာတွေကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ အဲဒီလို ခွင့်ပြုနိုင်ဖို့ တက်ကြွလှုပ်ရှားခဲ့တဲ့ အသက် ၆၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကက်သရင်း ဟီလီဟာ ဒီစာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
 
သူဟာ ပြည့်တန်ဆာတွေကို ခွဲခြားဆက်ဆံမှု ပပျောက်လာနိုင်ရေးနဲ့ သူတို့နဲ့ပတ်သက်တဲ့ တရားမျှတတဲ့ ဥပဒေတွေ ပေါ်ပေါက်လာရေးအတွက် တက်ကြွလှုပ်ရှားခဲ့သူတဦး ဖြစ်ပါတယ်။

ဒါပေမယ့် ဟီလီကတော့ သူ ဒီဂုဏ်ထူးဆောင်စာရင်းမှာ ပါဝင်နေခဲ့တာကို အံ့သြနေခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ ၁၉၈၉ ခုနှစ်ကတည်းက နယူးဇီလန်နိုင်ငံ ပြည့်တန်ဆာများသမဂ္ဂကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ တရားဝင်ခွင့်ပြုနိုင်စေဖို့ လုပ်ငန်းခွင် ကျန်းမာရေးနဲ့ လုံခြုံမှုရှိစေရေးတို့အတွက် လှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။

ခုလို သူ့ကို ဂုဏ်ထူးဆောင်အဖြစ် ဖော်ပြလိုက်တာဟာ (ပြည့်တန်ဆာတွေအပေါ်) သဘောထားတွေ ဘယ်လောက်ပြောင်းလဲသွားတယ် ဆိုတာကို ပြသနေတာလို့ ဟီလီက ပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာ ဂုဏ်ထူးဆောင်ဘွဲ့တွေကို တနှစ်မှာ ၂ ကြိမ် ပေးအပ်ချီးမြှင့်လေ့ရှိပြီး နှစ်သစ်ကူးကာလနဲ့ ဘုရင်မကြီး အယ်လိဇဘက် ၂ ရဲ့ မွေးနေ့အထိမ်းအမှတ် ဇွန်လအစောပိုင်းမှာ ထုတ်ပြန်ကြေညာလေ့ ရှိပါတယ်။

DVB

0 comments:

Post a Comment