Tuesday, June 5, 2018

စည်းကမ်းမဲ့အမှိုက်ပစ်မှု တားမြစ်ရန် သမ္မတတိုက်တွန်း


စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများတားမြစ်နိုင်ရန်အတွက် မူဝါဒများပြောင်းလဲချမှတ်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှ ယနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့သည့်၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ပြောကြားသည်။

“တစ်ခါသုံးပလက်စတစ်အသုံးပြုမှု လျော့ချရေးပြန်လည်ပြုပြင်သုံးစွဲနိုင်တဲ့ပစ္စည်းများကို ပိုမိုသုံးစွဲရေးစတဲ့ အမူအကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို တိုက်တွန်းအားပေးဖို့နဲ့စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကို တားမြစ်နိုင်ရေးတို့အတွက် လိုအပ်တဲ့မူဝါဒများကို ပြောင်းလဲချမှတ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု သမ္မတ က ပြောကြားခဲ့သည်။

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏လေ့လာဆန်းစစ်တွေ့ရှိမှုများအရ ကမ္ဘာပေါ်တွင် ပလတ်စတစ် ၅၀၀ ဘီလီယံခန့် နှစ်စဉ်အသုံးပြုလျက်ရှိပြီး ၅၀ ရာခိုင်နှုန်းခန့်သည် တစ်ခါသုံး ပလတ်စတစ်အိတ် များဖြစ်သည်။
ပင်လယ် ၊သမုဒ္ဒရာ အတွင်းသို့နှစ်စဉ်ပလတ်စတစ်ရောက်ရှိနေသည့် ပမာဏသည် အနည်းဆုံးတန်ချိန် ၈ သန်းခန့်ရှိကြောင်း သိရသည်။

ပလတ်စတစ်များရောက်ရှိမှုကို ကမ္ဘာ့နိုင်ငံများက မထိန်းချုပ်နိုင်ပါက ၂၀၅၀ ခုနှစ်တွင် ပင်လယ်၊သမုဒ္ဒရာအတွင်းတည်ရှိနေသည့် ရေနေသတ္တ၀ါမျိုးစိတ်ပမာဏထက် ပလတ်စတစ်ပမာဏသည် ပိုမိုများပြားနေမည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့် က ပြောသည်။

စွန့်ပစ်ပစ္စည်းများအား စုဆောင်းခြင်း၊စွန့်ပစ်ခြင်းတို့အားစနစ်တကျ စီမံဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရအနေဖြင့် ပြောင်းလဲကျင့်သုံးနေသည့် နည်းပညာများဖြင့် ကိုက်ညီစေရန်အတွက် သက်ဆိုင်ရာဥပဒေ၊နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများအား ပြန်လည်ရေးဆွဲရန်လိုအပ်သည်ဟု သမ္မတ က တိုက်တွန်းပြောဆိုသည်။

အနာဂတ်မျိုးဆက်သစ်များအား စိမ်းလန်းစိုပြေသန့်ရှင်းလှပသည့် မြို့တော်ဖြစ်စေရေးအတွက် မန္တလေးမြို့တော်အား စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာလုပ်ငန်းစီမံချက်အား စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အလားတူ အခြားတိုင်းနှင့်ပြည်နယ်ရှိ မြို့များတွင် စွန့်ပစ်ပစ္စည်းဆိုင်ရာ အစီအမံများအားမြို့နှင့်လျော်ညီအောင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် သမ္မတ က တိုက်တွန်းပြောဆိုသည်။

ပတ်စတစ်ပစ္စည်းများစွန့်ပစ်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းစေနိုင်မှုများဖြစ်ပေါ်စေနိုင်သည့်အပြင်လူသားများ၏ကျန်းမာရေးထိခိုက်စေနိုင်မှု၊ပင်လယ်သမုဒ္ဒရာများညစ်ညမ်းစေနိုင်မှု၊အဏ္ဏ၀ါသက်ရှိများအားပျက်စီးဆုံးရှုံးမှု များလည်းဖြစ်ပေါ်စေနိုင်သည်။

၂၀၁၈ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်သည် “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့” ဆောင်ပုဒ်ဖြစ်သည်။

ယဉ်ကေနွယ်
The Fifth Wave News

0 comments:

Post a Comment