Tuesday, June 5, 2018

ကြားဖြတ်ရွေးကောက်ပွဲ၌ ကြိုတင်ဆန္ဒမဲပေးမည့် စင်ကာပူရောက် မြန်မာနိုင်ငံသားများ ပုံစံ (၁၅) ဖြည့်စွက်ကာ ဇွန် ၁၈ ရက်မှ ဇူလိုင် ၁၂ ရက်အတွင်း ပေးပို့ရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးထုတ်ပြန်

ကြားဖြတ်ရွေးကောက်ပွဲ၌ ကြိုတင်ဆန္ဒမဲပေးမည့် စင်ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပုံစံ (၁၅) ကို ဖြည့်စွက်ကာ ဇွန် ၁၈ ရက်မှ ဇူလိုင် ၁၂ ရက်အတွင်း ပေးပို့ရမည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲပေးပွဲ၏ နေ့ရက်နှင့် အချိန်ကို ထပ်မံကြေညာမည်ဟု စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန် ၄ ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာ၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး အဆိုပါ လစ်လပ်မဲဆန္ဒနယ်များတွင်နေထိုင်သည့် မြန်မာနိုင်ငံသားများသာ ကြားဖြတ်ရွေးကောက်ပွဲ၌ ကြိုတင်မဲပေးရန် အကျုံးဝင်မည်ဖြစ်ကြောင်း မြန်မာသံရုံး၏ ကြေညာချက်အရ သိရသည်။

ထို့ပြင် ကြိုတင်ဆန္ဒမဲပေးမည့်သူများ ဖြည့်စွက်လျှောက်ထားရမည့် ပုံစံ (၁၅) လျှောက်လွှာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာသံရုံး၊ စင်ကာပူမြို့ Website တို့တွင် ရယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ ကြိုတင်ဆန္ဒမဲပေးမည့် မြန်မာနိုင်ငံသားများအနေဖြင့် ပုံစံ (၁၅) လျှောက်လွှာကို ပြည့်စုံစွာဖြည့်စွက်၍ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူပူးတွဲကာ သံရုံး၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ သီးခြားအီးမေးလ် mesgbyelection2018@gmail.com နှင့် သံရုံးရှိ ကောင်စစ်လုပ်ငန်း ကောင်တာများသို့ ဇွန် ၁၈ ရက်မှ ဇူလိုင် ၁၂ ရက်အတွင်း ပေးပို့ရမည်ဖြစ်ကြောင်း မြန်မာသံရုံးက အသိပေးကြေညာထားသည်။

ထို့အတူ စင်ကာပူရောက် မြန်မာနိုင်ငံသားများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲပေးပွဲကို မြန်မာသံရုံး စင်ကာပူမြို့၌ ကျင်းပမည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲပေးပွဲ ၏ နေ့ရက်၊ အချိန်များကို ထပ်မံအသိပေး ကြေညာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီရှိပြီး ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်း လုပ်ငန်းအချိန်ဇယားအား ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော၊ ပြည်သူ့ဆန္ဒနှင့်အညီဖြစ်သော၊ အများယုံကြည်လက်ခံသော ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားထားသည်။

ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ၌ ကျင်းပမည်ဖြစ်ပြီး ၎င်းမဲဆန္ဒနယ်များတွင် မဲဆန္ဒရှင်စာရင်းပြုစုခြင်းကို ဧပြီ ၁၉ ရက်မှ စတင်ကာ ပြုစုလျက်ရှိပြီး နေရာအများအပြားတွင် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မျိုးမင်းထက်
Eleven Media Group



0 comments:

Post a Comment