Friday, June 1, 2018

Grabကို ဆန္ဒပြသူခေါင်းဆောင်နှင့် တွေ့ဆုံညှိနှိုင်းမည်ဟုဆို


Grab အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းကို ဆန္ဒပြသူ ခေါင်းဆောင်နှင့် Grab မှ တွေ့ဆုံ ညှိနှိုင်းသွားမည်ဟု မေလ၃၁ ရက်တွင် အကုန်သိသတင်းဌာနသို့ ပြောသည်။

’’အခု သူတို့ခေါင်းဆောင် အဖြူရောင်ကမ်ပိန်းခေါင်းဆောင်တဲ့သူကို တွေ့ဆုံညှိနှိုင်းဖို့ရှိပါတယ်။ သူတို့ဘာကြောင့် ကန့်ကွက်တယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ဆန္ဒပြတာကိုလည်း သတိထားမိပါတယ်။ ဒါပေမဲ့ များစွာတဲ့ ကျွန်တော်တို့ဆီက ယာဉ်မောင်းတွေကိုတော့ ကိုယ်စားမပြုပါဘူး’’ဟုGrab Myanmar ၏ ယာယီ Country Head ဖြစ်သူAlvin loh က ပြောသည်။

မေလမှ စတင်ကာ ရန်ကုန်မြို့အတွင်း အငှားယာဉ်မောင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို ဆောင်ရွက်နေသော Grab ကုမ္ပဏီအား ရက်အကန့်အသတ်မရှိ ကန့်ကွက်သည့် အဖြူရောင် ဖဲကြိုးလှုပ်ရှားမှု ကမ်ပိန်းဖြင့် အသင်းဝင် အငှားယာဉ်မောင်းများက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

၎င်းတို့ဆန္ဒထုတ်ဖော်ရခြင်းမှာ ၄င်းတို့ရပိုင်ခွင့်များ ဆုံးရှုံးသောကြောင့်ဖြစ်ပြီး ကုမ္ပဏီသို့တင်ပြသော်လည်းလျစ်လျူရှု၍ ယခုကဲ့သို့ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်းသိရကာ ခရီးစဉ် ဈေးနှုန်းအရ ယာဉ်မောင်း ၀င်ငွေနည်းပါးခြင်း၊ ခရီးမှ ခရီးစဉ်အား ပြန်လည်ငြင်းပယ်ပါက အပိုဆုကြေးများ ပြုတ် ကျ ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

Grab သည်မြန်မာနိုင်ငံသို့ ၂၀၁၇ မတ်လတွင် ၀င်ရောက်ကာ ဇူလိုင်လ၌ တရားဝင် လုပ်ငန်း များ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ Grabသည် အရှေ့ တောင်အာရှတွင် သယ်ယူပို့ဆောင်ရေးနှင့် ထို့အပြင် မိုဘိုင်းငွေပေးချေမှု စနစ်ကို ၀န်ဆောင်မှုလုပ်ငန်း တစ်ရပ်အဖြစ် ထူထောင်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး စင်ကာပူ၊အင်ဒိုနီးရှား၊မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် နှင့် မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

မင်းသီဟန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment