Saturday, September 29, 2018

မော်လမြိုင်တွင် မင်းမဲ့စရိုက်ဆန်ဆန် ဓားခုတ်မှုဖြစ်ပွား ပြစ်မှုကျူးလွန်သူနှစ်ဦးအားဖမ်းဆီးရမိ


မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ ညအချိန်လူမြင်ကွင်းတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ဓားခုတ်မှုကြောင့် လူနှစ်ဦး ပြင်းပြင်းထန်ထန် ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၈ ရက်၊ ည ၁၂ နာရီခန့်က မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ် ဗိုလ်ချုပ်ကြေးရုပ် မျက်စောင်းထိုးရင်ပြင်၌ အုပ်စုဖွဲ့စားသောက်နေသည့်အဖွဲ့ထံသို့ လူ ၆ ဦးပါအဖွဲ့မှ ငှက်ကြီးတောင်ဓါးဖြင့် ၀င်ရောက်ခုတ်ထစ်သွားခဲ့ကြောင်းသတင်းအရ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ 

မော်လမြိုင်တွင် မင်းမဲ့စရိုက်ဆန်ဆန် ဓားခုတ်မှုဖြစ်ပွား ပြစ်မှုကျူးလွန်သူနှစ်ဦးအားဖမ်းဆီးရမိ 

ထိုသို့ စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာ၌ ပြတ်ရှဒဏ်ရာရရှိသည့် အမျိုးသားနှစ်ဦးအား တွေ့ရှိခဲ့သဖြင့် ဆေးရုံသို့တင်ပို့ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ရာ အခင်းဖြစ်ပြီး သုံး နာရီအတွင်း ပြစ်မှုကျူးလွန်သူနှစ်ဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 
“ရန်ငြိုးကြောင့်လို့ထင်ပါတယ်။ လက်ရှိမှာတော့ နှစ်ယောက်ကိုဖမ်းဆီးရမိခဲ့ပါပြီ။ ဒဏ်ရာရရှိတဲ့သူကတော့စိုးရိမ်ရပါတယ်။ အခု အဲဒါကို လုပ်ဆောင်နေဆဲမို့လို့ နောက်မှအပြည့်အစုံသိရပါမယ်” ဟု တာဝန်ရှိတစ်ဦးက ပြောသည်။ 
ဖမ်းဆီးရမိသူနှစ်ဦးမှာ နိုင်ဝင်းထွန်း(ခ)ဖွတ်သားလေး ၂၃ နှစ်နှင့် လူဇော် (၂၂) နှစ်ဆိုသူတို့ဖြစ်ပြီး (ပ)၁၃၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆ ဖြင့် မော်လမြိုင်မြို့မရဲစခန်း မှ အမှုဖွင့်ထားပြီး ကျန် လွတ်မြောက်နေသူများကို စုံစမ်းရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဒါးဇ(အကုန်သိသတင်းဌာန) 
ဓာတ်ပုံ - ဇင်မိုး

0 comments:

Post a Comment